Friday, October 18, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ကျင်းပလျက်ရှိသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

 



အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်အားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲဝင်များက ခေါင်း ၊ ခါး ၊ ခြေ ၊ လက် အချိုးအဆစ် ညီညာစွာအသုံးပြု၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆိုင်းဝိုင်းအဖွဲ့များ၏ ပံ့ပိုးတီးခတ်မှုနှင့်အတူ အနုသုခုမရသစုံလင်လှသည့် ဆို ၊ ငို ၊ ပြော အကအလှများဖြင့် ကကြိုးကကွက်စုံလင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး နှင့်အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ကျင်းပသည့် အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း (အမျိုးသမီး) (ဂီတာ) အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များကဝေဘာဂီရိ” (ကြိုး) သီချင်းအား သီချင်း၏ရသပေါ်လွင်စေပြီး နားဆင်သူများ နားဝင်ပီယံရှိစေရန် လက်စွမ်းပြတီးခတ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment