Tuesday, October 1, 2024

ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့

ယနေ့သည် နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အတူတကွပူးပေါင်းပြီး ညီညွတ်သောအင်အားကို စတင်ထုတ်ဖော်ပြသည့်နေ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အမှန်တည်ရှိနေသော လူဦးရေနှင့်အိမ်အကြောင်းအရာ ကိန်းဂဏန်းအချက်အလက်များကို အောက်တိုဘာလ ရက်နေ့ (ယနေ့) မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေကြပြီဖြစ်သည်။ တစ်မျိုးသားလုံး တစ်ချိန်တည်းတစ်ပြိုင်တည်း တက်ညီလက်ညီဆောင်ရွက်ကြသည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ကိန်းဂဏန်းအချက်အလက်များကို မှန်မှန်ကန်ကန်ထုတ်ဖော်နိုင်ရန်အတွက် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာမေးခွန်းများကို စာရင်းကောက်၊ စာရင်းစစ်အဖွဲ့များက မေးမြန်းကောက်ယူသွားမည်ဖြစ်ရာ မေးခွန်းများကိုမှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြေကြားပေးသွားပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မေးခွန်းများကို မေးမြန်းကောက်ယူခြင်းသည် အစိုးရအတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိတို့ သားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်၏အနာဂတ်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးလိုပါသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အနည်းဆုံး (၁၀) နှစ်စာ စီမံဆောင်ရွက်နိုင်မည့် အခြေခံကျသော အချက်အလက်များရရှိစေနိုင်သည့် အကျိုးရှိသောလုပ်ငန်းဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များသည် ယခုအစိုးရလက်ထက်သာမက နောင်လာမည့် အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းအမွေပေးနိုင်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်၊ ပြည်သူများ၏ မျှော်လင့်ချက်၊ ပြည်သူများ၏ လိုအပ်ချက်များကို ပုံဖော်ပေးနိုင်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပေးလိုပါသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ပြည်သူများကြားတွင် နားလည်သဘောပေါက်မှု လိုအပ်ချက်များရှိမည်ဖြစ်သလို အချို့အနေဖြင့် စိုးရိမ်မှုများလည်း ရှိကြမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအရ သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရဟု အတိအလင်းပြဋ္ဌာန်းထားသည်။ ဥပမာအားဖြင့် စာရင်းကောက်ယူခြင်းမှ သိရှိရသောပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ လုံးဝ လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ နေအိမ်မှ ပြည်ပသို့ရောက်ရှိနေခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းကို မေးမြန်းမည်မဟုတ်ဘဲ အခြေအနေမှန်ကိုသာ ဖြေကြားပေးရန်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်နှင့် အကျိုးရလဒ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ရက်နေ့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူသို့ ဗီဒီယိုမိန့်ခွန်းဖြင့် ရှင်းလင်းပြောကြားထားပြီးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်မည်ဆိုလျှင် ထိုနိုင်ငံမှ ထုတ်ပြန်ထားသော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ဆန်းစစ်လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး၏ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို တိတိကျကျ မှန်မှန်ကန်ကန်ရရှိရေးသည်အလွန်အရေးကြီးသည်။ စာရင်းအင်းဆိုင်ရာအချက်အလက်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်ဖော်ပြသည့် နိုင်ငံ့ကြေးမုံပြင်ဟု တင်စားခေါ်ဆိုနိုင်သည်။

သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံအတွက် အရေးပါသည့်အချက်အလက်များဖြစ်သလို ပြည်သူတစ်ဦးချင်းအတွက်လည်း အကျိုးကျေးဇူးရရှိစေမည်ဖြစ်သည်။ နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စများကို ကဏ္ဍအလိုက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း စသည့်လုပ်ငန်းများကိုဖော်ဆောင်ရာတွင် အခြေခံကျသည့်အချက်အလက်များရရှိစေသည်။ ပြည်သူများအတွက် စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ လမ်းတံတားများ စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းနှင့် သုတေသနလုပ်ငန်းများအတွက် သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိသော အချက်အလက်များသည် များစွာအထောက်အကူပြုသည်။

သို့ဖြစ်ရာ နိုင်ငံ၏ အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးကို ကိုယ့်ခွန်ကိုယ့်အား ပြည်တွင်းအားဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ စတင်ဆောင်ရွက်နေပြီဖြစ်ရာ တိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း မိမိတို့အကျိုး၊ နိုင်ငံ့အကျိုးအတွက် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။  

No comments:

Post a Comment