Tuesday, October 1, 2024

နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း

၃၀.၉.၂၀၂၄ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူများအားလုံးကို အောက်တိုဘာ ၁ ရက် (ယနေ့) မှစ၍ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူသွားမည်။ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ ကောက်ယူမည့်အကြောင်းအရာအချက်အလက်များ၊ ပြည်သူများဘက်မှ ဆောင်ရွက်ပေးရမည့်အရာများ စသည့်သိကောင်းစရာအဖြာဖြာတို့ကို မီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်း၊ ကွင်းဆင်းဟောပြောခြင်း၊ သင်တန်းများပို့ချခြင်း စသည့်နည်းလမ်းများဖြင့် ပြည်သူအများ သိရှိနားလည်ထားကြပြီးလည်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းသည် လုပ်ငန်းပမာဏကြီးမားပြီး ငွေကုန်ကြေးကျလည်း လွန်စွာများပြားသည့်အလျောက် ၁၀ နှစ်လျှင် တစ်ကြိမ်မျှသာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သည်။ သို့ရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်၊ စာရင်းဇယား၊ ကိန်းဂဏန်းများသည် နိုင်ငံ၏ကဏ္ဍများစွာတို့တွင် အသုံးပြုရန်၊ တွက်ချက်ရန်၊ မှီငြမ်းရန်၊ ကိုးကားရန် မရှိမဖြစ်လိုအပ်သည့်အလျောက် မဖြစ်မနေ သန်းခေါင်စာရင်းကောက်ကြရသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအစီရင်ခံစာအရ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညအထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁၄၈၆၂၅၃ ဦးဖြစ်သည်။ အတိအကျကောက်ယူရရှိသော လူဦးရေ ၅၀၂၇၉၉၀၀ ဦးဖြစ်ပြီး လုံခြုံရေးနှင့် အခြားအခြေအနေများကြောင့် မကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်းလူဦးရေမှာ ၁၂၀၆၃၅၃ ဦးဖြစ်သည်။

၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား ၁၀ နှစ်တာကာလအတွင်း မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းသွားလာမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများ စသည်တို့ကြောင့် လူဦးရေပြောင်းလဲမှုနှင့် လူမှုစီးပွားဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်တွင် စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ခန့်က တစ်အိမ်တက်ဆင်း မေးခွန်းများ မေးမြန်းကောက်ယူသွားကြမည်ဖြစ်ရာ အိမ်ထောင်စုတစ်စုလျှင် မေးခွန်းပေါင်း ၆၈ ခု ဖြေဆိုကြခြင်းဖြင့် စာရင်းကောက်ယူချိန် မိနစ် ၂၀ ခန့် ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားသည်။

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုအပေါ် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများ၊ အကြမ်းဖက်သမားများက ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိပြီး ဟန့်တားနှောင့်ယှက်မှု၊ ဖျက်ဆီးသတ်ဖြတ်မှုများ ပေါ်ပေါက်လာနိုင်သည့် အလားအလာများရှိနေရာ စာရင်းကောက်လုပ်ငန်းများ အောင်မြင်ရေးအတွက် လုံခြုံမှုကိုအထူးဂရုပြုဆောင်ရွက်ရန်လိုသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် မိမိတို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်ဖြစ်ပြီး အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ရန် ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းသည့်မေးခွန်းများအပေါ် စိုးရိမ်ကြောင့်ကြမှုမရှိ မှန်ကန်ပြည့်စုံစွာ ဖြေဆိုပေးကြရန်လည်း လိုအပ်သည်။ မိမိတို့ဖြေကြားလိုက်သည့် အချက်အလက်များသည် မိမိတို့နိုင်ငံ၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ပကတိဖြစ်ပေါ်တည်ရှိနေသည့် အကြောင်းအရာ၊ အချက်အလက်များ၊ အခြေအနေမှန်များ၊ တိကျသေချာသည့် ကိန်းဂဏန်းများ၊ စာရင်းဇယားများအဖြစ် ထွက်ပေါ်လာမည်ဖြစ်ပြီး နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ရေး၊ စီမံကိန်းများရေးဆွဲရေး စသည်တို့အတွက် မဖြစ်မနေအသုံးပြုရမည်ဖြစ်ရာ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုတွင် အမျိုးသားရေးတာဝန်အဖြစ် လူတိုင်းပါဝင်ကူညီဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment