မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့်
အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးကိုရည်ရွယ်၍
ကျောင်းနေအရွယ်ကလေးများကို အာဟာရပြည့်နို့များအား တိုက်ကျွေးခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝကျန်းမာအောင် စီမံစားသုံးတတ်စေသည့် အသိပညာ၊ အမူအကျင့်ကောင်းများ
ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန်နှင့် ကျန်းမာရေးနှင့် အာဟာရအခြေအနေ ပိုမိုကောင်းမွန်မြင့်မားလာစေရန်
ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအစီအစဉ်အား
ရေရှည်တည်တံ့စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်
ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာနီနီမော်က ကျောင်းနေအရွယ်ကလေးငယ်များအား အာဟာရပြည့်နို့တိုက်ကျွေးရခြင်း၏
ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းရှိ
မူလတန်းကလေးငယ်များအား အာဟာရပြည့်နို့ဘူးများဝေငှ၍ တိုက်ကျွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က
ကျောင်းသူ၊ ကျောင်းသားလေးများနှင့် မိဘ၊ အုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြောင်း
သိရှိရသည်။









No comments:
Post a Comment