Monday, September 30, 2024

ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၁၆) ကြိမ်မြောက်ညီလာခံနှင့် (၉)ကြိမ်မြောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်

 


နေပြည်တော် စက်တင်ဘာ ၂၉

ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတ နိုင်ငံစာရင်းစစ်ချုပ်ရုံးကကြီးမှူး၍ အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက် အထိကျင်းပသည့် အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများ အဖွဲ့ (AsianOrganization of Supreme Audit Institutions – ASOSAI)၏ (၁၆) ကြိမ်မြောက် ညီလာခံနှင့် (၉) ကြိမ်မြောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်သည်။

အတည်ပြုခြင်းများဆောင်ရွက်

ညီလာခံတွင် အဖွဲ့၏ ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်ကော်မတီအစီရင်ခံစာနှင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွက် ဘတ်ဂျက်အတည်ပြုခြင်း၊ အဖွဲ့၏ မဟာဗျူဟာလုပ်ငန်းစီမံချက်၊ ဘန်ကောက်ကြေညာစာတမ်း၏ ရလဒ်များ၊ (၁၃) ကြိမ် မြောက် သုတေသနစီမံကိန်းအစီရင်ခံစာ၊ ASOSAI Working Group ဖွဲ့စည်းမှုနှင့် အစီရင်ခံစာများ၊ စည်းမျဉ်းများပြင်ဆင်ရန်တို့နှင့်စပ်လျဉ်း၍ တင်ပြအတည်ပြုခြင်း၊ (၁၇) ကြိမ်မြောက် ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စာရင်းစစ်ချုပ်ရုံးအတည်ပြုခြင်း၊၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွက် ASOSAI ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် အိန္ဒိယသမ္မတနိုင်ငံစာရင်းစစ်ချုပ်ထံသို့ ယခင်ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ စာရင်းစစ်ချုပ်က ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်းနှင့် အုပ်ချုပ်မှုဘုတ်အဖွဲ့နှင့် စာရင်းစစ်ကော်မတီအဖွဲ့ဝင်များကို လျှို့ဝှက်မဲပေးသည့်စနစ်ဖြင့် ရွေးချယ်အတည်ပြုခြင်း၊ နယူးဒေလီကြေညာစာတမ်းကို အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

(၉) ကြိမ်မြောက် စာတမ်းဖတ်ပွဲကို “အခြေခံဒီဂျစ်တယ်စနစ်နှင့် ဝန်ဆောင်မှုကဏ္ဍများနှင့် ကျား၊ မ ခွဲခြားမှုကြောင့် ယင်းကဏ္ဍများတွင် ပါဝင်သုံးစွဲခွင့်ပြဿနာ” ခေါင်းစဉ်ဖြင့် အစ္စရေး၊အင်ဒိုနီးရှား၊ မလေးရှား၊ အိုမန်နှင့် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးများက တင်ပြကြပြီး အဆိုပါစာတမ်းများအပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်းနှင့် အိန္ဒိယသမ္မတနိုင်ငံစာရင်း စစ်ချုပ်ရုံးက စာတမ်းများကို အနှစ်ချုပ်သုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ကြသည်။

ပြန်လည်ရောက်ရှိ

ဒုတိယစာရင်းစစ်ချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment