ပခုက္ကူ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ ညမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးရှောင်စခန်း သုံးနေရာဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့်
ရေဘေးသင့်ပြည်သူများအတွက် အမှတ်(၁၅)ရပ်ကွက်ရှိ ခုနစ်အိမ်တန်းဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ
သီဟိုဠ်ရှင်ခန်းမဆောင်နှင့် သဘာဝဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦး(Shelter)တို့တွင် ယာယီရေဘေးရှောင်စခန်း
သုံးနေရာဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း၊ အဆိုပါရေဘေးရှောင်ပြည်သူများ
အဆင်ပြေစွာနေထိုင်စားသောက်နိုင်ရေးအတွက် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး
ဗိုလ်မှူးကြီးဇော်မင်းထက်ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊
ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့်ဝန်ထမ်းများ၊
ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေကျပ် ၂၁၀၀ နှုန်းဖြင့် ရေဘေးသင့်ပြည်သူ ၃၆၈ ဦး အတွက်
စုစုပေါင်းငွေကျပ် ၇၇၂၇၀၀နှင့် ထမင်းထုပ်များ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်း၊
လိုအပ်သည့်ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ရေဘေးအန္တရာယ်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား
အသိပညာပေးရှင်းလင်းဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့၊ ယာယီရေဘေးရှောင်စခန်းသုံးနေရာ၌ ယနေ့အထိ ရေဘေးသင့်ပြည်သူ
၁၈၄ ဦး ထပ်မံပြောင်းရွှေ့နေထိုင်ကြရာ လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူ ၅၅၂ ဦးရှိကြောင်း၊
ထပ်မံပြောင်းရွှေ့နေထိုင်ကြသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဘာမီသာ (ပခုက္ကူ)
No comments:
Post a Comment