တပ်ကုန်း စက်တင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊
နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းသဖြင့်
နဝင်းချောင်းရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်း၊ တံတားများအား နေပြည်တော်ကောင်စီဝင်
ဦးဇေယျာလင်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအဝင်
ကတ္တရာလမ်းနှင့် ချဉ်းကပ်လမ်းပျက်စီးနေမှုအခြေအနေများ၊ ပုဏ္ဏမာကျေးရွာအဝင် ကွန်ကရစ်လမ်းနှင့်
ကျေးရွာအတွင်း တင်ကျန်ခဲ့သည့် ရွံ့နွံများအား ရှင်းလင်းဆောင်ရွက်နေမှု၊ မကျီးပင်ကျေးရွာအတွင်း
စက်ယန္တရားဖြင့် အမှိုက်၊ ဒိုက်များ သန့်ရှင်းဆောင်ရွက်ခြင်း၊ မကျီးပင်ကျေးရွာနှင့်
ချောင်းခြားကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတား ချဉ်းကပ်ပျက်စီးနေမှုများအား ကြည့်ရှု၍
ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားခဲ့သည်။
ယင်းနောက်
မကျီးပင်အခြေခံပညာအထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား နေထိုင်စားသောက်မှု၊
ကျန်းမာရေးစောင့်ရှောက်ပေးမှုများ၊ အနော်ရထာရပ်ကွက်အတွင်း ရေဆိုးထုတ်မြောင်း ပြန်လည်တူးဖော်ဆောင်ရွက်မှုနှင့်
နဝင်းချောင်းဖြတ်ကူး သံကူကွန်ကရစ်တံတား ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်
အောင်ဇေယျရပ်ကွက်၊ မြို့လည်သာသနာ့ဝေပုလ္လစာသင်တိုက်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကျောင်းထိုင်ဆရာတော်ထံ
ဆန်၊ အဝတ်အထည်၊ ဆေးပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း
သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း
နဝင်းချောင်းရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှု၊ တိရစ္ဆာန်သေဆုံးမှုနှင့် လူနေအိမ်များ
မျောပါမှုစာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူလျက်ရှိကြောင်း
သိရသည်။
တင်စိုးလွင်

No comments:
Post a Comment