ကိုဌေး(ကနောင်)
မြန်မာတစ်မျိုးသားလုံးက အားကစားနည်းများအားလုံးတွင် ဘောလုံးအားကစားနည်းကို ပိုမိုနှစ်ခြိုက်စွာအားပေးကြသဖြင့် အမျိုးသားအားကစားဟုပင် သတ်မှတ်ထားကြပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံတကာအားကစားပြိုင်ပွဲများဖြစ်သည့် အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ယခင်အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ)နှင့် ဒေသတွင်းဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် မြန်မာ့ဘောလုံးအသင်းများ အောင်မြင်မှုအလီလီရရှိခဲ့သည့် မြန်မာ့ဘောလုံးရွှေခေတ်ကို ရောက်ရှိခဲ့ဖူးသည်။ ထိုမျှသာမက ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အသန့်ရှင်းဆုံးအသင်းဆုပင် ရရှိခဲ့သည့် သမိုင်းမှတ်တမ်းလည်းရှိခဲ့ပါသည်။ ထိုစဉ်က မြန်မာ့ဘောလုံးအသင်းအောင်မြင်မှု ရရှိလာသည့်အခါတိုင်း အခြားအားကစားနည်းများ အောင်မြင်မှုရရှိသည်ထက် တစ်နိုင်ငံလုံးက အုတ်အော်သောင်းတင်း အားပေးကြ၊ ဂုဏ်ပြုကြိုဆိုကြ၊ အောင်ပွဲခံခဲ့ကြသည်။ “မြန်မာနိုင်ပြီ” သီချင်းသံကလည်း လေလှိုင်းမှ တစ်နိုင်ငံလုံးပျံ့လွင့်ခဲ့သည်ကိုလည်း ပြန်လည်တမ်းတမြင်ယောင်မိပါသည်။ သို့ရာတွင် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း အောင်မြင်မှုအစဉ်အလာမြင့်မားခဲ့သည့်ဘောလုံးအားကစား သိသိသာသာကျဆင်းလာခဲ့သည်ကို ဝမ်းနည်းဖွယ်မြင်တွေ့ခဲ့ရသည်။
စာရေးသူကိုယ်တိုင်လည်း
ဘောလုံးအားကစားကို ကိုယ်တိုင်ကစားခဲ့သူတစ်ဦးဖြစ်သဖြင့် မြန်မာ့ ဘောလုံးအောင်မြင်မှုရစေလိုသည့်
ဆန္ဒများလည်း ပြင်းပြစွာ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်၍လည်း အခါအခွင့်သင့်တိုင်း
လုပ်ဖော်ကိုင်ဖက်ဘောလုံးဝါသနာရှင်များ၊ ဘောလုံးအားကစားသမားဟောင်း များ၊ မြန်မာ့ဘောလုံးအားကစားတိုးတက်ရေးအတွက်
သဘောထားတိုက်ဆိုင်သူများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးမေးမြန်းသူ များစွာရှိခဲ့သည့်အနက် တစ်ချိန်က မြန်မာ့ဘောလုံးလောကတွင် နည်းပြဆရာတစ်ဦးအဖြစ်
ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးနှင့် စကားလက်ဆုံကျခဲ့ရာမှ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက်
၎င်း၏ ဆွေးနွေးအကြံပြုချက်များမှာ သတိပြုဆင်ခြင်စရာများ၊ မှတ်သားစရာ များ၊ ပြန်လည်သုံးသပ်ဆောင်ရွက်သင့်သည့်အချက်များ
ပါဝင်နေသည့်အတွက် မြန်မာ့ဘောလုံးတိုးတက်အောင်မြင်စေလိုသည့် ဆန္ဒအရင်းခံကာ အပြုသဘောဖြင့်
ဤဆောင်းပါးအား ရေးသားရခြင်း ဖြစ်ပါသည်။
တစ်သဝေမတိမ်း
လိုက်ပါကစားနိုင်
ယခင်ရွှေခေတ်
အားကစားသမားဟောင်းကြီးများအားလုံးနီးပါးသည် ဘောလုံးအားကစားနည်း၏ အခြေခံကျသည့်
Technical ပိုင်းနှင့် Physical ပိုင်းတို့တွင် အထူးကျွမ်းကျင်ကြသည့်အတွက် နည်းပြ ဆရာ
လိုလားသည့်ပုံစံအတိုင်း တစ်သဝေမတိမ်း လိုက်ပါကစားနိုင်ကြသည်။ ထိုစဉ်ကာလက မြန်မာ့ ဘောလုံးအောင်မြင်ရခြင်း
အကြောင်းရင်းမှာလည်း ဤအချက်များက အဓိကကျခဲ့သည်။
ဘောလုံးအားကစားနည်းသည်
ဘောလုံးနည်းစနစ်/ နည်းပညာ (Technical)နှင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ (Physical) တို့ကို
သဟဇာတ(Match) ဖြစ်အောင် ပေါင်းစပ်ကစားရသော အားကစားနည်း တစ်ခုဖြစ်သည်။ Technical ပိုင်းတွင်
ဘောလုံးကန်ခြင်း (Kicking)၊ ဘောလုံးဖမ်းခြင်း (Receiving )၊ ဘောလုံးသယ်ဆောင်ခြင်း (Dribbling )၊ ဘောလုံးဖြင့် လှည့်စားကျော်ဖြတ်ခြင်း
(Deceptive Movement )၊ ဘောလုံးဖြတ်ထုတ်ခြင်း (Tackling )၊ ခေါင်းတိုက်ခြင်း (Heading) ၊ လက်ပစ်ဘောပစ်ခြင်း (Throwing) ၊ ဂိုးဖမ်းခြင်း (Goal Keeping)တို့ပါဝင်ပြီး
Physical ပိုင်းတွင် အကြောလျှော့လေ့ကျင့်ခန်းများ (Stretching )၊ သွေးပူလေ့ကျင့်ခန်းများ (Warm-up )၊ ဘောလုံးသမားတစ်ယောက်၏ ပြေးနည်းပြေးဟန်နှင့်
လေ့ကျင့်ခန်းများ (Running Style and Exercise )၊ ဘောလုံးသမားတစ်ယောက်၏ ခုန်နည်းခုန်ဟန်နှင့်
လေ့ကျင့်ခန်းများ (Jumping Style and Exercise )၊ ကိုယ်လက်ကြံ့ခိုင်သန်စွမ်းမှုလေ့ကျင့်ခန်းများ
(Strength and Fitness Exercise)၊ လျင်မြန်ဖျတ်လတ်မှုလေ့ကျင့်ခန်းများ (Speed and
Agility Exercise)၊ သက်လုံခေါ် ခံနိုင်ရည်ရှိမှု လေ့ကျင့်ခန်းများ (Stamina or
Endurance Exercise) နှင့် သွေးအေးနှင့် အကြောလျှော့ လေ့ကျင့်ခန်းများ (Warming Down
and Stretching) စသည်တို့ ပါဝင်ပါသည်။
အထက်ဖော်ပြပါ
Technical ပိုင်းနှင့် Physical ပိုင်းတို့တွင် ကျွမ်းကျင်မှုရှိလာပါက Technical ပိုင်း
ဆိုင်ရာ လေ့ကျင့်ခန်းများကို အပိုင်းသုံးပိုင်းခွဲခြား၍ ထပ်မံလေ့ကျင့်ရန် လိုအပ်ပါသည်။
အပိုင်း(၁)အနေဖြင့် အခြေခံဘောလုံးနည်းစနစ်/ နည်းပညာပိုင်း၊ အပိုင်း(၂)အနေဖြင့် အဆင့်မြင့်ဘောလုံးနည်းစနစ်/နည်းပညာပိုင်း၊
အပိုင်း(၃)အနေဖြင့် ဘောလုံး အားကစားနည်းစနစ်/ နည်းဗျူဟာပိုင်းတို့အား ဆက်လက်လေ့ကျင့်သင်ကြားပေးရန်
လိုအပ်ပါသည်။ Technical ပိုင်းဆိုင်ရာနှင့် Physical ပိုင်းဆိုင်ရာတို့ ပိုင်နိုင်မှသာ
ကျွမ်းကျင်သည့် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါသည်။
ထူးချွန်သော
ဘောလုံးသမားကောင်းများ ဖြစ်လိုပါက
ဘောလုံးဝါသနာရှင်များ
ဘောလုံးစတင်ကစားသူများအနေဖြင့် အချိန်တိုအတွင်း ထူးချွန်သော ဘောလုံးသမားကောင်းများဖြစ်လိုပါက
အထက်ပါအပိုင်းသုံးပိုင်းအား မသင်ယူမီ ဘောလုံးအထောက် အကူပြုနည်းစနစ်/ နည်းပညာလေ့ကျင့်ခန်း
၆၄ မျိုးနှင့် ဘောလုံးတော့နည်း ၁၀ မျိုးကို သတ်မှတ် စံချိန်စံညွှန်းရသည်အထိ သင်ယူလေ့ကျင့်ထားရန်
လိုအပ်ပါသည်။ သင်ယူလေ့ကျင့်မှုကာလအနေဖြင့် သင်ယူလေ့ကျင့်သူ တစ်ဦးတစ်ယောက်ချင်းစီ၏ ဘောလုံးအခြေခံပါရှိလာမှု၊
ကျန်းမာကြံ့ခိုင်မှု၊ သင်ယူလိုစိတ်ပြင်းပြမှု၊ ကြိုးစားအားထုတ်မှု၊ အချိန်ပေးနိုင်မှုတို့အပေါ်မူတည်၍
တတ်မြောက်မှုကာလ တူညီမှုရှိနိုင်မည်မဟုတ်ပါ။ ကျွမ်းကျင်စွာ တတ်မြောက်မှုကိုလည်း Exam
System ဖြင့် စစ်ဆေးရန် လိုအပ်ပါသည်။
ဘောလုံးအထောက်အကူပြု
နည်းစနစ်/နည်း ပညာ စာမေးပွဲအောင်မြင်သူများအား ဒုတိယအဆင့် အနေဖြင့် အခြေခံဘောလုံးကန်နည်းစနစ်
၁၃ မျိုး၊ အခြေခံဘောလုံးဖမ်းနည်းစနစ် ကိုးမျိုး၊ အခြေခံ ဘောလုံးသယ်ဆောင်နည်းစနစ် ၂၀၊
အခြေခံဘောလုံးဖြင့် တစ်ဖက်ဘောလုံးသမားအား ကျော်ဖြတ် ခြင်းနည်းစနစ် ၂၀ ၊ အခြေခံဘောလုံးဖြတ်ထုတ်ခြင်း
ကိုးမျိုး၊ အခြေခံခေါင်းတိုက်နည်းစနစ် ၂၀၊ အခြေခံလက်ပစ်ဘောပစ်ခြင်း လေးမျိုး၊ အခြေခံ
ဂိုးဖမ်းခြင်း ၂၀ စသည်တို့အပြင် နှစ်ယောက်တွဲနှင့် အဖွဲ့လိုက်လေ့ကျင့်ခန်းများ၊
Fair Play နှင့် ပတ်သက်သော အကြောင်းအရာဗဟုသုတများ၊ Passing and Supporting လေ့ကျင့်ခန်းများ၊
Circle Game များ၊ Game Discipline များကို သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ပါသည်။ သင်ယူလေ့ကျင့်ပေးရမည့်ရက်ကို
လည်း လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခုအထိပေး၍ လေ့ကျင့်ပေးပြီး တတ်ကျွမ်းမှုကို စာတွေ့၊
လက်တွေ့ Exam System ဖြင့် စစ်ဆေးရမည် ဖြစ်ပါသည်။
အထက်ပါ ဒုတိယအဆင့်
အောင်မြင်သူများအား တတိယအဆင့်အနေဖြင့် အဆင့်မြင့်ဘောလုံးကန် နည်းစနစ်လေ့ကျင့်ခန်း ၁၃
မျိုး၊ အဆင့်မြင့်ဘောလုံးဖမ်းနည်းစနစ်လေ့ကျင့်ခန်း ကိုးမျိုး၊ အဆင့်မြင့် ဘောလုံးသယ်ဆောင်နည်းစနစ်လေ့ကျင့်ခန်း
၂၀၊ အဆင့်မြင့်ဘောလုံးဖြင့် တစ်ဖက်ဘောလုံးသမား အား လှည့်စားကျော်ဖြတ်ခြင်းလေ့ကျင့်ခန်း
၂၀၊ အဆင့်မြင့်ဘောလုံးဖြတ်ထုတ်ခြင်း နည်းစနစ် လေ့ကျင့်ခန်း ကိုးမျိုး၊ အဆင့်မြင့်ခေါင်းတိုက်ခြင်း
နည်းစနစ်လေ့ကျင့်ခန်း ၂၀၊ အဆင့်မြင့်လက်ပစ် ဘောပစ်ခြင်းနည်းစနစ်လေ့ကျင့်ခန်းလေးမျိုး၊
အဆင့်မြင့်ဂိုးဖမ်းနည်းစနစ်လေ့ကျင့်ခန်း ၂၀၊ အဆင့်မြင့်ဘောလုံးဖြင့် နောက်ပြန်လှည့်ခြင်းနည်းစနစ်
၁၅ မျိုး၊ အဆင့်မြင့် ဘောလုံးဦးတည်ရာ လမ်းကြောင်းပြောင်းခြင်း နည်းစနစ်လေ့ကျင့်ခန်း
၁၂ မျိုးတို့အပြင် လေ့ကျင့်ခန်းတစ်ခုနှင့်တစ်ခု တွဲဖက်လေ့ကျင့်ရသော လေ့ကျင့်ခန်းများဖြစ်သည့်
one touch, two touch, five touch , Circle Game များ၊ Small Sided Game များနှင့်
ကစားပွဲ အထောက်အကူပြုလေ့ကျင့်ခန်းများကို သင်ယူ လေ့ကျင့်ရန် လိုအပ်ပါသည်။ သင်ခန်းစာများကို
နေ့စဉ်ပြုလုပ်ပေးနေသော ပြိုင်ပွဲအသွင် two side ခွဲကစားသော ကစားပွဲများတွင် မှန်ကန်စွာ
ထည့်သွင်းအသုံးချတတ်အောင်/ အသုံးချဖြစ်အောင် ပြုလုပ်လေ့ကျင့်ပေးရပါသည်။
စတုတ္ထအဆင့်တွင်
စနစ်ကျသော ဘောလုံးအားကစားနည်းစနစ်ကို သင်ယူရမည်ဖြစ်ပါသည်။ နှစ်သင်းခွဲကစားရသော Two
Side Game များကို နေ့စဉ်ပြုလုပ်ပေးရမည်ဖြစ်ပြီး လေ့ကျင့်သည့်ပြိုင်ပွဲ များတွင် အထက်ပါအတိုင်း
သင်ယူတတ်မြောက်ခဲ့သော နည်းစနစ်များဖြင့် ပြိုင်ပွဲကြီးတွင် အမှန်တကယ်ကြုံတွေ့ရမည့်
အခက်အခဲများကို မှန်ကန်စွာ ဖြေရှင်းတတ်စေရန် သင်ယူခြင်း၊ Fair Play နှင့် ပတ်သက်သည့်အကြောင်းအရာ
ဗဟုသုတများ၊ ဘောလုံးဥပဒေများနှင့် ဒိုင်လူကြီးတစ်ဦး၏ တာဝန်နှင့် အနေအထား စသည်တို့ကိုလည်း
သဘောပေါက်အောင် သင်ယူလေ့ကျင့်ပေးရပါမည်။ ထိုသို့လေ့ကျင့်သင်ကြားဆောင်ရွက်ပေးမှု အားနည်းခဲ့သည့်အတွက်
National League ကဲ့သို့ ပြိုင်ပွဲများတွင်ပင် Professional ကစားသမားများဟု ဆိုသူများက
ဒိုင်လူကြီးအား မချေမငံပြန်ပြောခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများ ပြုလုပ်နေကြသည်ကိုလည်း
စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရပါသည်။
Team System များ၊
System တစ်ခုစီ၏ အားနည်းချက်၊ အားသာချက်များ၊ နေရာအလိုက် တာဝန်ယူရမှု၊ Duty Function
များ၊ Team Movement ၊ Player Movement များ၊ တစ်ဦးချင်း စွမ်းဆောင်ရည်များ၊ အထွေထွေဗဟုသုတများ၊
ဟောပြောပွဲများ၊ ထူးချွန်ဘောလုံးသမားများ၏ အားသာချက်၊ အားနည်းချက်များအပေါ် မှတ်ချက်များ
ပေးစေခြင်း၊ တစ်ဦးချင်း Individual နှင့် အဖွဲ့ လိုက် Group စွမ်းရည်ပြိုင်ပွဲများ
ပြုလုပ်ပေးခြင်း၊ တစ်ဦးချင်း/အဖွဲ့လိုက် ဆောင်ရွက်ချက်များအပေါ် အကဲဖြတ် မှတ်တမ်းတင်ခြင်းများဖြင့်
စနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်မည်ဆိုပါက ဘောလုံး သမားတိုင်း အခြေခံနှင့် အဆင့်မြင့်ဘောလုံးနည်းစနစ်/နည်းပညာများကို
အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်စွာ တတ်မြောက်လာစေနိုင်မည်ဖြစ်ပါသည်။ ထိုသို့သော အခြေခံကျွမ်းကျင်ပိုင်နိုင်သည့်
အားကစားသမား အမြောက်အမြား ပေါ်ထွက်လာမှသာ နိုင်ငံလက်ရွေးစင်အသင်းအနေဖြင့်လည်း အောင်မြင်မှုရရှိလာနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတကာသက်တမ်းလိုက်ပြိုင်ပွဲများနှင့် နိုင်ငံလက်ရွေးစင် အဆင့်ပြိုင်ပွဲများတွင်
အတွေ့အကြုံရှိသော မြန်မာ့လက်ရွေးစင်ဟောင်းများမှ နည်းပြချုပ်၊ နည်းပြ၊ ကြံ့ခိုင်ရေးနည်းပြ၊
ဂိုးနည်းပြများအဖြစ် စုဖွဲ့၍ အချိန်ကာလခြောက်လတန်သည်၊ တစ်နှစ်တန် သည် ကြိုတင်ပြင်ဆင်
စုစည်းစခန်းသွင်းလေ့ကျင့်စေကာမူ အခြေခံနှင့် အဆင့်မြင့် ဘောလုံးနည်းစနစ်/ နည်းပညာများ
မပြည့်စုံသည့် အားကစားသမားအများစုဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ထိုက်တန် သည့်
အောင်မြင်မှုရရန် အလှမ်းဝေးနေဦးမည်ဟု လည်း မြင်မိပါသည်။
ပြန်လည်သုံးသပ်ဆောင်ရွက်စေလို
လက်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလက်ထက်တွင်
ဆန်းသစ်ခေတ်မီသော အတွေး အမြင်များဖြင့် မြန်မာ့ဘောလုံးလောက တိုးတက်လာစေရေးအတွက် ၂၀၀၉
ခုနှစ်မှစတင်၍ အပျော်တမ်းအဆင့်မှ Professional အဆင့်သို့ ကူးပြောင်းပြီး မြန်မာ့ဘောလုံးအဆင့်အတန်း
တိုးတက်မြင့်မားရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို မြင်တွေ့နေရပါသည်။ အားကစားသမားများနှင့်
ဘောလုံးလောကသားများအားလုံး အတိုင်းအတာတစ်ခုအထိ လူမှုစီးပွားဘဝများ အဆင်ပြေခဲ့ကြပါသည်။
မြန်မာ့လက်ရွေးစင်အသင်းများအားလုံး အောင်မြင်မှုရရှိစေရေး နိုင်ငံချစ်စိတ်၊ ဘောလုံးအားကစားကို
ချစ်စိတ်ဖြင့် လူအပင်ပန်းခံ၊ စိတ်အပင်ပန်းခံ၊ ငွေကြေးကုန်ကျခံ၊ အချိန်ကုန်ခံ၍ ဆောင်ရွက်ခဲ့သည့်
အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဆောင်ရွက် ချက်များကိုလည်း အသိမှတ်ပြုမိခဲ့ပါသည်။ မြန်မာ့ဘောလုံးလောက
တိုးတက်ရေးအတွက် ဆောင်ရွက်ပေးသင့်သည့် လုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ခဲ့သော်လည်း
ပြည်သူများ မျှော်လင့်သလောက်ဖြစ်မလာခဲ့ပါ။ ထိုသို့ဖြစ်မလာခြင်းအတွက် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတွင်
တာဝန်ရှိသည်မှာ မှန်သော်လည်း အဖွဲ့ချုပ်တွင် ကော်မတီအလိုက် တာဝန်အသီးသီး ရယူထားကြသည့်သူများကသာ
ပို၍တာဝန်ရှိပြီး ပို၍တာဝန်ခံကြရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာ့ဘောလုံး တိုးတက်လာစေရေးအတွက်
လုပ်ဆောင်နေသည့် ကိစ္စရပ်များအားလုံးအပေါ်တွင် ပြန်လည်သုံးသပ်ဆောင်ရွက်စေလိုကြောင်းလည်း
အကြံပြုလိုပါသည်။
တစ်ချိန်က
Electronic နှင့် IT လောကတွင် ထိပ်တန်းဖြစ်ခဲ့သော SONY နှင့် NOKIA အစရှိသော ကုမ္ပဏီကြီးများသည်
ယခုအခါ Brand မရှိတော့သည်ကို တွေ့ရပါသည်။ NOKIA ကုမ္ပဏီ၏ CEO က “ကျွန်တော်တို့ ဘာအမှားမှ
မလုပ်ခဲ့ပါဘူး”ဟု ပြောခဲ့ပါသည်။ သူပြောတာမှန်ပါသည်။ အမှားမလုပ် သော်လည်း နေ့စဉ်အချိန်နှင့်အမျှ
တိုးတက်ပြောင်းလဲနေသောခေတ်ကြီးတွင် အောင်မြင်သော သုတေသနပြုမှု၊ ဆန်းသစ်တီထွင်မှုများ
မပြုလုပ်နိုင်သောကြောင့် Brand ပျောက်သွားခြင်း ဖြစ်ပါ သည်။
ထို့အတူ တစ်ချိန်က
ရွှေရောင်လွှမ်းခဲ့သော မြန်မာ့ဘောလုံးလောကကြီးအား ဆက်ခံသူ၊ တာဝန် ရှိသူတို့သည် အခြေအနေ
အကြောင်းအမျိုးမျိုးကြောင့် မည်သည့်အမှားမျိုးကိုမှ မလုပ်ခဲ့ကြသော် လည်း အချိန်နှင့်အမျှ
အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော ဘောလုံးလောကကြီးကို မလေ့လာဘဲ၊
သုတေသနမပြုဘဲ၊ တီထွင်ဆန်းသစ်မှုများ လုံးဝမပြုလုပ်ဘဲ၊ ကိုယ့်အားကိုယ်မကိုးဘဲ သူများနောက်လိုက်၊
သူများအားကိုးလုပ်နေသည့်အတွက် ယနေ့ခေတ် မြန်မာ့ ဘောလုံးလောကသည် ကြေးရောင်ပင်မလွှမ်းနိုင်တော့သလို
ဖိလစ်ပိုင်နှင့် လာအိုကဲ့သို့ အသင်းမျိုး ကိုပင် တန်းတူယှဉ်ပြိုင်နေရသည့်အဆင့်သို့
ရောက်ရှိလာခဲ့သည်ကို တွေ့ရပါသည်။
နည်းပညာတတ်ကျွမ်းမှု၊
တီထွင်ဆန်းသစ်နိုင်မှုတို့သည် အောင်မြင်မှု၏ သော့ချက်
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပါသည်။
နည်းပညာတိုးတက်သော နိုင်ငံတိုင်း ရှေ့တန်းရောက် နေသည်ကို လေ့လာသူတိုင်း၊ နိုင်ငံတိုးတက်စေလိုသူတိုင်း
သိကြပါသည်။ မည်သည့်လုပ်ငန်း၊ မည်သည့်အားကစားမဆို နည်းပညာတတ်ကျွမ်းမှု၊ တီထွင် ဆန်းသစ်နိုင်မှုတို့သည်
အောင်မြင်မှု၏ သော့ချက်ဖြစ်ပါသည်။ မြန်မာ့ဘောလုံးလောကကြီးတစ်ခုလုံး အား မြှင့်တင်ရန်
တာဝန်ရှိသူများအနေဖြင့် တွေဝေမိန်းမောနှောင့်နှေးနေသရွေ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများသည်လည်း
အောင်မြင်မှုနှင့် ဝေးကွာပြီးရင်း ဝေးကွာနေမည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများတွင် အနိမ့်ဆုံးသို့
ရောက်ရှိသွားနိုင်သည်ကို သတိပြုစေလိုပါသည်။
မြန်မာ့ဘောလုံး
အောင်မြင်တိုးတက်စေရေး အတွက် အောက်ပါအချက်များအား ထည့်သွင်းစဉ်းစား ပြီး ထိရောက်သော
စီမံချက်ရေးဆွဲ ဆောင်ရွက်သင့် ပါကြောင်းလည်း အကြံပြုတင်ပြလိုပါသည်-
(က) ထိရောက်သော
သုတေသနလုပ်ငန်းမရှိသော မည်သည့်အဖွဲ့အစည်းမဆို တိုးတက်မှုမရှိနိုင်သဖြင့် ဘောလုံးအားကစားနှင့်ပတ်သက်သော
တာဝန်ရှိအဖွဲ့အစည်းများတွင် (လိုအပ်ပါက ကျွမ်းကျင်သည့် သုတေသနပညာရှင်များ ငှားရမ်းခြင်း
(သို့မဟုတ်) ခန့်ထား ခြင်းများဖြင့်) သုတေသနလုပ်ငန်းများ အား ဆောင်ရွက်သင့်ပါသည်။
(ခ) ဘောလုံးအားကစားနှင့်ပတ်သက်သူများ၊
တာဝန်ရှိသူများအားလုံးက ဘောလုံး အားကစားနှင့်ပတ်သက်သည့် တိုးတက်ပြောင်းလဲနေမှုများကို
အမြဲမပြတ် စူးစမ်းလေ့လာနေသင့်ပါသည်။
(ဂ) ဘောလုံးအားကစားသည်
အသင်းအဖွဲ့လိုက် ကစားရသော အားကစားနည်းဖြစ်သော်လည်း အောင်မြင်မှုသည် ဘောလုံးသမားတစ်ဦးချင်းစီ၏
ဘောလုံးနည်း စနစ်/ နည်းပညာ တတ်ကျွမ်းမှုနှင့် စွမ်းဆောင်နိုင်မှုအပေါ်တွင် မူတည်နေ
သည်ကို သတိပြုသင့်ပါသည်။
(ဃ) မြန်မာ့ဘောလုံးလောက၏
ရေသောက်မြစ်ဖြစ်သည့် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများနှင့် အဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီတို့တွင် ပြီးပြည့်စုံသော
ဘောလုံးအားကစား သင်ရိုးညွှန်းတမ်း ရေးဆွဲဆောင်ရွက်သင့်ပါသည်။ သင်တန်းသားသစ် ရွေးချယ်ရာတွင်
ပြိုင်ပွဲများမှ ထူးချွန်သူများ ရရှိရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့်
ပေါင်းစပ်ဆောင်ရွက်သင့်ပါသည်။
(င) တာဝန်ရှိအဖွဲ့အစည်းများမှ
ထိရောက်သော ဘောလုံးအသိပညာပေးစာအုပ်၊ နည်းပြလက်စွဲစာအုပ်များနှင့် နောက်ဆုံးအခြေအနေအထိ
ပြင်ဆင်ထားရှိမှုများ ပါဝင်သော ဘောလုံးဥပဒေစာအုပ်များ ထုတ်ဝေသင့်ပါသည်။
(စ) ဘောလုံးလောက၏
အဓိကအချက်ဖြစ်သော (၁) အခြေခံဘောလုံးနည်းစနစ်၊ (၂) အဆင့်မြင့် ဘောလုံးနည်းစနစ်၊ (၃)
အထောက်အကူပြု ဘောလုံးနည်း စနစ်၊ (၄) ဘောလုံးအားကစားနည်းစနစ် စာအုပ်များ ပြည့်စုံစွာ
ရေးသားထုတ်ဝေသင့်ပါသည်။ (ထိုသို့ ထုတ်ဝေမည်ဆိုပါက တစ်တိုင်းပြည်လုံး Country Wide ဖြန့်ဝေသင့်ပါသည်။)
(ဆ) ဘောလုံးလောက
တာဝန်ရှိသူများ ယုံကြည်ကြသည်မှာ ပြိုင်ပွဲများများ လုပ်လျှင် အတွေ့အကြုံ အလေ့အကျင့်
များများရသော ဘောလုံးသမားကောင်းများ များစွာပေါ်ထွက်လာနိုင်သကဲ့သို့ ရွေးချယ်ရသည်မှာလည်း
မှန်ကန်လွယ်ကူသည်ဟု ယူဆနေကြသော်လည်း အရည်အသွေးနိမ့်သော အားကစားသမားအများစု ယှဉ်ပြိုင်သည့်
ပြိုင်ပွဲများမှ အရည်အသွေးမီသော အားကစားသမား များများ မထွက်ပေါ်နိုင်သည်ကို သတိပြု
သင့်ပါသည်။
(ဇ) လက်ရွေးစင်အသင်းများ၏
နည်းပြချုပ်များအား နိုင်ငံခြားသားနည်းပြများကိုသာ အလွန်အကျွံအားကိုးနေခြင်းများကိုလည်း
သတိပြုသင့်ကြောင်း အကြံပြုလိုပါသည်။ (မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်
လက်ရွေးစင်အသင်းများ အောင်နိုင်ရေးသည် မြန်မာ့ဘောလုံးလောကသားတို့၏ လက်ထဲတွင်သာရှိပါသည်။
ခေတ်ဘောလုံးရေစီးကြောင်းအား စိတ်နှစ်ပြီး လေ့လာလုပ်ဆောင်မည်ဆိုပါက မြန်မာ့ဘောလုံးလောက
အမှန်အကန် တိုးတက်လာနိုင်မည်ဟု ယုံကြည်ပါသည်။)
(ဈ) မြန်မာ့ဘောလုံးလောက
တိုးတက်ရေး၏ အဓိကဇာတ်လိုက်ဖြစ်သော ဘောလုံး နည်းစနစ်/နည်းပညာသင်တန်းများအား အဖွဲ့ချုပ်မှ
နိုင်ငံအနှံ့ ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမပြုဘဲ ဇာတ်ရံတစ်ခုမျှသာဖြစ်သော AFC ဘောလုံးနည်းပြ
လိုင်စင်သင်တန်းများကိုသာ တန်ဖိုးထားဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ (AFC မှ ဖွင့်သော
“C” လိုင်စင်သင်တန်း ၁၂ ရက်၊ “B” လိုင်စင်သင်တန်း ၂၁ ရက်၊ “A” လိုင်စင်သင်တန်း ရက်
၃၀ နှင့် Advance လိုင်စင်စသည့် ရက်တိုဘောလုံးနည်းပြသင်တန်းများသည် နည်းပြတစ်ဦး သိသင့်သိထိုက်သည်များ၊
ရှိသင့်ရှိထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို သင်ပြပေးသော သင်တန်းများဖြစ်သလို
လိုင်စင်အလိုက် နည်းပြလုပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးသော သင်တန်းများသာဖြစ်ပြီး နည်းပြ
တစ်ဦး အဓိက မဖြစ်မနေတတ်ကျွမ်းရမည့် အခြေခံ/အဆင့်မြင့်၊ နည်းစနစ်/နည်းပညာများကို မတတ်ကျွမ်းဘဲ
နည်းပြလိုင်စင်ကိုင်ပြီး နည်းပြလုပ်ခွင့် ပေးနေခြင်းကြောင့် ဘောလုံးလောကတိုးတက်ဖွံ့ဖြိုးရေးတွင်
တိုးတက်သင့်သလောက် မတိုးတက်ဟုလည်း ထင်မြင်မိပါသည်။ ဥပမာအနေဖြင့် တင်ပြရရင် AFC ၏ အနိမ့်ဆုံးဖြစ်သော
“C” လိုင်စင် ဘောလုံးနည်းပြသင်တန်းသည် မြန်မာနိုင်ငံသို့ ၂၀၀၀ ပြည့်နှစ်ခန့်တွင် စတင်
ရောက်ရှိခဲ့သော်လည်း ထိုအချိန်က AFC ရုံးစိုက်ရာ မလေးရှားနိုင်ငံတွင် Professional “A” လိုင်စင်၊ “B” လိုင်စင်၊
“C” လိုင်စင်ရသော ဘောလုံးနည်းပြပေါင်း ၁၄၀၀ ကျော် ရှိနေပြီးဖြစ်သကဲ့သို့ မလေးရှားနိုင်ငံရှိ
သက်တမ်းအလိုက် လက်ရွေးစင်ဘောလုံးအသင်းများသည် ပင် သူ့စပွန်ဆာနှင့်သူ အခိုင်အမာ ရှိနေပါ
သည်။ မလေးရှားဘောလုံးအဖွဲ့ချုပ်သည်လည်း FIFA သတ်မှတ်ချက်နှင့် ကိုက်ညီ သော ဖွဲ့စည်းပုံဖြင့်
ဖွဲ့စည်းထားကြောင်း တွေ့ရှိရပါသည်။ ပြိုင်ပွဲများအနေဖြင့်လည်း Professional အဆင့်တွင်
Premier League ၊ Malaysia
Cup နှင့် FA Cup တို့ ကျင်းပလျက်ရှိပြီး Pre- Professional အဆင့်တွင် President Cup
ပြိုင်ပွဲ၊ Amature အဆင့်တွင် FAM Cup (မလေးရှားအဖွဲ့ချုပ်ဖလား) နှင့် လူငယ် ပြိုင်ပွဲများအတွက်
Milo Cup၊ Coke Cup တို့နှင့် NIKE Cup စသည်တို့ကို မလေးရှား ဘောလုံးလောက တိုးတက်ရေးအတွက်
ပုံမှန်ကျင်းပပေးလျက်ရှိပါသည်။ သို့ရာတွင် အဘက်ဘက်က ပြီးပြည့်စုံသော မလေးရှားဘောလုံးအဖွဲ့ချုပ်မှ
လက်ရွေးစင်ဘောလုံးအသင်းများသည်ပင်လျှင် ယနေ့အချိန်အထိ မြန်မာ့လက်ရွေးစင်အသင်းများနှင့်
သူနိုင်ကိုယ်နိုင်အဆင့် တွင်သာ ရှိနေသည်မှာ စဉ်းစားဆင်ခြင် သုံးသပ်စရာ သာဓကဖြစ်ပါသည်။
အောင်မြင်မှုများနှင့်
ဝေးကွာနေသော မြန်မာ ဘောလုံးအသင်းများ ပြိုင်ပွဲများတွင် အောင်မြင်မှု များ မရနိုင်သည်ကို
သိရှိနေကြသော်လည်း ကြီးငယ်၊ ကျား-မ မရွေး မြန်မာလူမျိုးများသည် မြန်မာဟူသော မျိုးချစ်စိတ်ဓာတ်ဖြင့်
အားပေးလျက်ရှိနေကြပါသည်။ မြန်မာ့ဘောလုံးလောကကြီး နိမ့်ကျနေ ခြင်းအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ
လက်ရွေးစင်ဘောလုံးသမားဟောင်းများ၊ ဝါသနာရှင်များသည်လည်း မိမိတို့တတ်ကျွမ်းခဲ့သလောက်
ဘောလုံးနည်းပညာများကို မျိုးဆက်သစ်လူငယ်ဘောလုံးသမားလေးများအား ရာသီအလိုက် သင်တန်းများပေးခြင်းဖြင့်
အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဝိုင်းဝန်းဆောင်ရွက်နေကြပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း မြန်မာ့ဘောလုံးအောင်မြင်မှုရရှိစေရေး ခေတ်မီဆန်းသစ်သော
အတွေးအမြင်များဖြင့် ထိရောက်မည့် စီမံချက်များ ရေးဆွဲဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။
။

No comments:
Post a Comment