ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်မှတ်တမ်း၌ နယုန်လပြည့်နေ့ကို ငြိမ်းချမ်းရေးကိုအကြောင်းပြုသည့်နေ့ဟုအဆိုရှိခဲ့သည်။ အကြောင်းမှာ နယုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်က ငြိမ်းချမ်းရေးကိုရည်ညွှန်းသည့်တရားတော်များ ဟောတော်မူခဲ့သည်။ နယုန်လပြည့်နေ့အနှစ်ချုပ်မှာ မဟာသမယသုတ္တန်ဖြစ်သည်။ နယုန်လပြည့်နေ့တွင် စာတော်ပြန်ပွဲများ ကျင်းပကြသည်။
ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ၌ အဝေမတည့်ဖြစ်ကာ ပဋိပက္ခအသွင်ဖြစ်လာခဲ့သည်။ မိုးလေဝသမှန်၍ မြစ်ရေလုံလုံလောက်လောက်ရနေစဉ်က ရေအတွက် ပြဿနာမဖြစ်ခဲ့သော်လည်း အပူရှိန်ပြင်းသည့် ကဆုန်၊ နယုန်လ၌ မိုးခေါင်ရေရှားပြီး မြစ်ရေနည်းလာသောအခါ ရေအတွက် အဝေမတည့်အခက်ကြုံခဲ့သည်။ နှစ်ပြည်ထောင်သားတို့က မြစ်ရေကို သူတို့ပိုင်သည်၊ ငါဆိုင်သည်ဟု အပေးအယူမတည့် ဖြစ်ကြသောအခါ နှစ်ပြည်ထောင်အရေးအထိ ဖြစ်လာခဲ့သည်။
နှစ်ပြည်ထောင်မင်းတို့သည် ရောဟိဏီမြစ်ရေလုပွဲဆင်နွှဲရန် စစ်အင်္ဂါလေးပါး အပြည့်အစုံဖြင့် ကမ်းတစ်ဖက်တစ်ချက်တွင် စစ်ပြင်သည်အထိဖြစ်လာခဲ့သည်။ နှစ်ပြည်ထောင်သည် ဆွေမျိုးရင်းချာများဖြစ်သည်။ သွေးသားအရင်းအချင်းချင်း ရေအတွက်သွေးမြေကျမည့်အရေးကြုံနေစဉ်တွင် မြတ်စွာဘုရားရှင်သည် နှစ်ဖက်စစ်မက်ငြိမ်းအေးသွားစေရန် မြစ်ကောင်းကင်ယံသို့ကြွတော်မူသည်။ နှစ်ပြည်ထောင် သားတို့က မြတ်စွာဘုရားရှင်အား ဦးချကန်တော့ပြီးသောအခါ ရေအတွက်နှင့် အဖိုးတန်သည့် သာကီဝင်တို့ သွေးမြေမကျသင့်၊ စစ်ပွဲတို့မည်သည် ရှုံးသူ၊ နိုင်သူ အစဉ် ရန်ငြိုးဖွဲ့၍ အဆုံးမသတ်သဖြင့် အနိုင်မရှိ၊ အရှုံးသာဖြစ်သည်ဟု ဆုံးမတော်မူသည်။
နှစ်ဖက်ဆွေမျိုးများ နှလုံးသွင်းဆင်ခြင်နိုင်ရန် မြတ်စွာဘုရားရှင်က တရားဆက်လက်ဟောကြားရာတွင် တစ်ပြည်နှင့်တစ်ပြည် အပြစ်မရှာဘဲ ငြိမ်းချမ်းစွာ နေထိုင်ဆက်ဆံမှ အကျိုးဖြစ်ထွန်းမည်ကို ဝက်ဝံနှင့်ကြို့ပင်စောင့်နတ်တို့ ရန်ငြိုးဖွဲ့မှား၍ ဝက်ဝံလည်းသေ၊ ရုက္ခစိုးနတ် ကြို့ပင်လည်း ပျက်စီးသည့်ဇာတ်တော်။ မြေပြိုနေသည်ဆိုသည့် ယုန်တစ်ကောင်၏ စကားတစ်ခွန်းကို မစူးစမ်းမဆင်ခြင်ဘဲ ပြေးကြ၊ ပုန်းကြရင်း ဆင်းရဲဒုက္ခရောက်ကြသော တိရစ္ဆာန်များအကြောင်း။ တစ်ဖက်နှင့်တစ်ဖက် အင်အားသုံးအနိုင်မယူသင့်၊ အင်အားအလွန်ကြီးသော ဆင်ရိုင်းကြီးကိုပင် သေးငယ်သည့် နှံစုတ်ငှက်က အနိုင်ရသည့် ဇာတ်တော်တို့ကို ဟောတော်မူသည်။
မြတ်စွာဘုရားရှင်သည် သာကီဝင်မျိုးနွယ်အချင်းချင်း စစ်မက်မဖြစ်ပွားသော်လည်း အပြန်အလှန်အချင်းများပြီး စိတ်ဝမ်းကွဲပြားနေလျှင် ငြိမ်းချမ်းရေးအရသာကို ခံစားရမည်မဟုတ်ကြောင်း သမ္မောဒမာနဇာတ်တော်။ အသိဉာဏ်ရှိသော လူသားများမဆိုလင့်၊ သက်မဲ့သစ်ပင်တို့သည်လည်း တစုတဝေးတည်း စုစုစည်းစည်း ပေါက်ရောက်နေမှသာ လေဒဏ်၊ မိုးဒဏ်ကင်းဝေးကြောင်း ဆင်ခြင်သိနိုင်စေရန် ရုက္ခဓမ္မဇာတ်တော်။ သာကီဝင်မင်းသားများအားလုံး မိမိကိုယ်မိမိ ဆုံးမနေထိုင်တတ်ရန် အတ္တဒဏ္ဍသုတ်တို့ကို ဟောကြားတော်မူသည်။ မြတ်စွာဘုရားရှင်၏ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတရားကို နာယူပြီးသောအခါတွင် ဆွေတော်မျိုးတော်အပေါင်းတို့သည် ဒေါသများကင်းစင် အမြင်မှန်ရကာ နှစ်ဖက်ငြိမ်းချမ်းရေးယူကြသည်။
ထို့နောက် နှစ်ပြည်ထောင်မင်းသားတို့သည် ရဟန်းပြုတရားအားထုတ်ကြရာ ရဟန္တာငါးရာဖြစ်လာကြပြီး နယုန်လပြည့်နေ့ ညနေဆည်းဆာအချိန်တွင် မဟာဝုန်တောရှိ မြတ်စွာဘုရားရှင်ထံတွင် ရရှိသောတရားထူးကိုမေးလျှောက်ရန် စုဝေးကြသောအခါတွင် ကြည်ညိုပူဇော်လိုသော စကြဝဠာတိုက်အပေါင်းမှ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ ရောက်ရှိလာကြသည်။ မြတ်စွာဘုရားရှင်က ရောက်ရှိလာသော နတ်အပေါင်းတို့ကို အသိအမှတ်ပြုသောအားဖြင့် အမည်နာမထုတ်ဖော်၍ နှုတ်ခွန်းဆက်စကားမိန့်ကြားသည်။ မြတ်စွာဘုရားရှင်၏ အဆိုပါနှုတ်ခွန်းဆက်စကားကို “မဟာသမယသုတ်” ဟု ခေါ်ဆိုသည်။
မဟာသမယသုတ်နှင့်တကွ သတ္တဝါတို့၏ စရိုက်ကိုလိုက်၍ ရာဂစရိုက်ရှိသူအတွက်၊ ဒေါသစရိုက်ရှိသူအတွက်၊ မောဟစရိုက်ရှိသူအတွက်၊ ဝိတက်စရိုက်ရှိသူအတွက်၊ သဒ္ဓါစရိုက်ရှိသူအတွက်၊ ပညာစရိုက်ရှိသူအတွက် သင့်လျော်ရာ တရားတော်တို့ကို ဟောတော်မူသည်။ တရားနာယူကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် ဉာဏ်အားလျော်စွာ ကိလေသာဖယ်ခွာ၍ တစ်ဘဝငြိမ်းချမ်းရေးမှတစ်ဆင့်တက်ကာ ထာဝရငြိမ်းချမ်းရေးဖြစ်သည့် မဂ်ဖိုအသီးသီးရကြလေသည်။ အနှစ်ချုပ်မှာ ဤနယုန်လ၊ နယုန်လပြည့်နေ့သည် သတ္တဝါအပေါင်းတို့အား ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသောအခါသမယဖြစ်သည်။
သို့ဖြစ်ရာ နယုန်လပြည့်နေ့ သို့မဟုတ် မဟာသမယအခါတော်နေ့ သို့မဟုတ် ငြိမ်းချမ်းရေးနေ့သည် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာပြည်အတွက်သာမက တစ်ကမ္ဘာလုံးတွင်ရှိသည့် စရိုက်အမျိုးမျိုးရှိကြသော ပြည်သူပြည်သားအပေါင်းတို့ ထာဝရငြိမ်းချမ်းသာယာပြီး အတူယှဉ်တွဲနေထိုင်နည်းကို ဗုဒ္ဓမြတ်စွာဘုရားရှင်က ညွှန်ပြပေးတော်မူသော နေ့ထူးနေ့မြတ်နေ့တစ်နေ့အဖြစ် အသိအမှတ်ပြုကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment