Friday, June 21, 2024

ကိုယ်တိုင်စောင့်ရှောက်ကြရမည့် မိမိတို့၏ကျန်းမာရေး


နယူးဇီလန်နိုင်ငံတွင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အိမ်တွင်းအကြမ်းဖက်မှုများ၊ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုများ၊ လူမှုရေးပြဿနာများ၊ ကုန်ထုတ်လုပ်မှုကျဆင်းမှုနှင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမရှိဘဲပျက်ကွက်မှုများ၊ ရာဇဝတ်မှုများ စသည့်ထိခိုက်ဆုံးရှုံးမှုများ တန်ဖိုးများမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀ ခန့်ရှိသည်ဟု နိုင်ငံတကာ သတင်းတွင်တွေ့ရသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခုတွင်မူ တရားမဝင်ချက်လုပ်ရောင်းချသည့် အရက်ကိုဝယ်ယူ သောက်သုံးကြသူ လူ ၃၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင်လိုက်ရကြောင်း အခြားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

မြန်မာနိုင်ငံသည် အခြားသော မဟာမဲခေါင်ဒေသတွင်း နိုင်ငံများနည်းတူ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိရာ ဆီးချို၊ ကင်ဆာနှင့် အရက်စွဲရောဂါတို့သည် မြန်မာနိုင်ငံတွင် သေဆုံးမှုနှင့် ဖြစ်ပွားမှုအများဆုံးရောဂါများ ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း (၆ ဒသမ ၂ သန်း)၊ ကွမ်းစားသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်း (၁၀ ဒသမ ၃ သန်း)၊ အရက်သောက်သူ ၁၉ ဒသမ ၈ ရာခိုင်နှုန်း (၄ ဒသမ ၇ သန်း) နှင့် အရက်အလွန်အကျွံသောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိသည်။ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားသူသည် နိုင်ငံ့လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း (၂ ဒသမ ၅ သန်း)၊ ဆီးချိုသွေးချိုဖြစ်ပွားနိုင်ခြေရှိသူ အကြိုလူနာဦးရေ ၁၉ ဒသမ ၇ ရာခိုင်နှုန်း (၅ သန်း)၊ သွေးတိုးရောဂါရှိသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်း (၆ ဒသမ ၃ သန်း)၊ သွေးထဲတွင် အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်း (၈ ဒသမ ၈ သန်း)၊ ဝသူ ၅ ဒသမ ၅ ရာခိုင်နှုန်း (၁ ဒသမ ၃ သန်း)၊ အဝလွန်သူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း (၅ ဒသမ ၃ သန်း) ရှိနေသည်။

အရက်သည် ခန္ဓာကိုယ်၏ကျန်းမာရေးကိုထိခိုက်စေပြီး ရောဂါမဖြစ်ပွားအောင် ခုခံကာကွယ်ပေးသည့် ကိုယ်ခန္ဓာ၏ ခုခံစွမ်းအားကိုကျဆင်းစေသည်။ အရက်ကို အလွန်အကျွံသောက်ကြပြီး အရက်စွဲသူများတွင် အာဟာရဓာတ်ချို့တဲ့ခြင်း (အသားဓာတ်၊ ဗီတာမင်ဓာတ်များ ချို့တဲ့ခြင်းနှင့် သွေးအားနည်းခြင်း) တို့ ဖြစ်တတ်ပြီး အသည်းရောဂါ၊ အသည်းကင်ဆာနှင့် အစာအိမ်ရောင်ခြင်း၊ အစာအိမ်ရောဂါ၊ ပါးစပ်နှင့် လည်ချောင်းကင်ဆာ၊ အာရုံကြောရောင်ထုံကျဉ်နာ၊ နှလုံးကြွက်သားရောဂါနှင့် စိတ်ပိုင်းဆိုင်ရာရောဂါအချို့ ဖြစ်တတ်ကြောင်း ဆေးပညာရှင်များက သတိပေးထားသည်။ အရက်စွဲသူအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် အသည်းဆိုင်ရာရောဂါနှင့် ၁၂ ရာခိုင်နှုန်းခန့်သည် အသည်းကျွမ်းရောဂါကို ခံစားကြရသည်။ အရက်စွဲသူအားလုံး၏ ၂၀ ရာခိုင်နှုန်းမှာ အာရုံကြောထုံကျဉ်ခြင်းဖြစ်တတ်ပြီး ၁၀ ရာခိုင်နှုန်းမှာ မှတ်ဉာဏ်လွဲမှားချွတ်ယွင်းခြင်း အပါအဝင် စိတ်ရောဂါတစ်မျိုးမျိုးဖြစ်ပွားတတ်သည်ဟု ဆိုသည်။

အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံတကာသတင်းနှစ်ပုဒ်အရ အရက်သည်အခန့်မသင့်ပါက သောက်သုံးသူကို အဆိပ်သင့်သေစေတတ်သလို အရက်သောက်ခြင်းနှင့်ဆက်နွှယ်၍ ဖြစ်ပေါ်လာသည့် အခြားထိခိုက်ဆုံးရှုံးမှုများမှာ နိုင်ငံတစ်နိုင်ငံအဖို့ ဒေါ်လာဘီလီယံနှင့်ချီ၍ ဆုံးရှုံးနေသည်ကို တွေ့မြင်သုံးသပ်နိုင်သည်။ ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ ဆေးရုံ၊ ဆေးခန်းများတွင်ဖြစ်ပွားသော သေဆုံးမှုစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ရာ အသွင်ပြောင်းဆီနှင့် ဆားသုံးစွဲမှုလျှော့ချရေး၊ အရက်သောက်သုံးမှုလျှော့ချရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေး၊ ပြည်သူလူထု ကိုယ်လက်လှုပ်ရှားမှု မြှင့်တင်ရေးတို့အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့၏ ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် စောင့်ရှောက်ကြခြင်းအားဖြင့် ရခဲလှသည့်လူ့ဘဝကို တန်ဖိုးထားနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment