ရန်ကုန် ဇွန် ၁၁
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနာယက
ဦးကျော်ဆန်း၊ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ
ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊
ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သီဆိုဖျော်ဖြေ
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”
သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် “လူထုသိပ္ပံကျမ်းများ လှူဒါန်းမှုမှသည် စာဖတ်ရှိန်မြှင့်တင်ရေး” သို့ ဗီဒီယိုကလစ်ကို ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ
ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည်
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြစ်သည့် စာဖတ်ရှိန် မြှင့်တင်ရေးကဏ္ဍတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ဇနီး မိသားစုမှ စာအုပ်စာစောင်များ လှူဒါန်းသည့် အခမ်း အနားဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်
အလွှာအသီးသီးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်နေမှုကို ဝမ်းမြောက်မိပါကြောင်း၊ ယနေ့ ပြောင်းလဲတိုးတက်နေသည့်
နည်းပညာခေတ်တွင် AI နည်းပညာသည် နေ့စဉ်နှင့်အမျှ တိုးတက်နေပြီး လူငယ်များ အကျိုးရှိစေသည့်အတွက် သိပ္ပံနည်းပညာနှင့် အသိပညာစာအုပ်၊ စာစောင်များကို
နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်ပိုင်ငွေဖြင့် လှူဒါန်းခြင်းဖြစ်ပါကြောင်း။
ဆက်လက်ကြိုးစား
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သားတို့သမီးတို့အနေဖြင့် နေ့စဉ်စာဖတ်ရာ၌ စာအစုံကိုလည်း ဖတ်ရှုရန်
တိုက်တွန်းလိုပါကြောင်း၊ ယနေ့ လှူဒါန်းသည့် လူထုသိပ္ပံကျမ်းကို ဖတ်ရှုခြင်းဖြင့် နောင်တစ်ချိန်တွင် ခေတ်မီ နည်း ပညာများကို နားလည်တတ်ကျွမ်း၍
နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးစားသွားရန်
တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ပေးအပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုမှ လှူဒါန်းသည့် လူထုသိပ္ပံကျမ်း အတွဲ (၄)
နှင့် အတွဲ (၅) စာအုပ် ၃၀၀၀ ကို အလှူရှင်များကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်
၁၂၅ တိုက်သို့ စာအုပ် ၂၅၀ ကိုလည်းကောင်း၊ တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့စာကြည့်တိုက်များအတွက်
စာအုပ် ၁၀၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်
၁၇၅၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
စာကြည့်တိုက် ၁၂၅ တိုက်သို့ လူထုသိပ္ပံကျမ်း အတွဲ (၄) နှင့် အတွဲ (၅) စာအုပ် ၂၅၀ အား
ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က လက်ခံရယူသည်။
ကျေးဇူးတင်မုဒိတာစကား ပြောကြား
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်း က ကျေးဇူးတင်မုဒိတာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း (စာရေးဆရာ
မောင်ကျောက်ခဲ) က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာကို ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး
သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူများက
“အနာဂတ်မြန်မာသို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းက ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်



No comments:
Post a Comment