မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များဖြင့် နိုင်ငံ့စီးပွား၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ ပြည်သူတို့၏ အဓိကလိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး အရေးသုံးပါးတွင် ဝတ်ရေးလိုအပ်ချက် ကို ဖြည့်ဆည်းပေးကာ ပြည်တွင်း၌ ဖူလုံပြီး ပြည်ပသို့သွင်းကုန်လျှော့ချခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင်နှင့်
အထည်စက်ရုံ (သမိုင်း) သို့ သွားရောက်စစ်ဆေးခဲ့ရာ၌ “မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှ
ချည်မျှင်နှင့် အထည်အလိပ်များကို တင်သွင်းရလျက်ရှိပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက်
ပြည်တွင်းရှိ ချည်မျှင်နှင့် အထည်စက်ရုံများမှ လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊
နေ့စဉ် ဝတ်စားဆင်ယင်မှုတွင် အသုံးများသည့် တီရှပ်၊ စွပ်ကျယ်ကဲ့သို့ အခြေခံအဝတ်အထည်များနှင့်
အသုံးအဆောင်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့်
ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အစဉ်အဆက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ဝါဂွမ်းကို
ခေတ်မီနည်းစနစ်တကျ ထုတ်လုပ်နိုင်ခြင်းမရှိသေးသဖြင့် ပြည်ပသို့ ကုန်ကြမ်းများအတိုင်း
တင်ပို့နေရပြီး ပြည်ပမှ ဝါထွက်ပစ္စည်းများနှင့် ချည်ထည်ချောများကို နှစ်စဉ်တင်သွင်းနေရသည်။
ကောင်းမွန်သည့် ချည်ထည်ပစ္စည်းများရရှိရန်အတွက် အရည်အသွေးကောင်းမွန်သည့် ဝါသီးနှံအထွက်နှုန်းကောင်းမွန်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ဝါဂွမ်းကို ခေတ်မီနည်းစနစ်တကျထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ဝါစိုက်ပျိုးထုတ်မှုတွင်လည်း
ပန်းတိုင်အထွက်နှုန်း မရောက်ရှိသေးသဖြင့် ချည်မျှင်နှင့် အထည်များကို ပြည်ပမှတင်သွင်းနေရသည်။
ဝါနှင့်ဆက်စပ်၍ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုလျော့ကျကာ အလုပ်အကိုင်အခွင့်အလမ်းနှင့်
ဝင်ငွေရရှိမှု လျော့ကျနေသည်။
ထို့ကြောင့် ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း
ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဝါအရည်အသွေးနှင့် အထွက် နှုန်းကောင်းမွန်ရေးအတွက် မြေအရည်အသွေးစစ်ဆေးခြင်း သုတေသနလုပ်ငန်းများကို
ဦးစွာဆောင်ရွက်ပြီး မြေဆီလွှာအမျိုးအစားများအလိုက် စနစ်တကျပြုပြင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
လိုအပ်သည့်သွင်းအားစုများ အပြည့်အဝ ထည့်သွင်းရန်နှင့် စိုက်ပျိုးရေ လုံလောက်အောင်ရရှိရန်လည်း
လိုအပ်သည်။ စိုက်ပျိုးသည့်မြေအမျိုးအစားအလိုက် ထွက်သင့်သည့် အထွက်နှုန်းများကို လေ့လာဆန်းစစ်ရန်နှင့်
အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်သွားကြရန်လိုသည်။
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စံနမူနာပြဖြစ်အောင် ဆောင်ရွက်ပြီး
ပထမတန်းစား ဝါများထွက်ရှိအောင် စိုက်ပျိုးကြရမည်ဖြစ်သည်။ ဝါအမျိုးအစားအများအပြား စိုက်ပျိုးခြင်းထက်
တစ်မျိုးတည်းကိုသာ စိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သည့်ဝါများ ထွက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
အခြေခံကောင်းမှ အရည်အသွေးကောင်းမည်ဖြစ်၍ အရည်အသွေးမြင့်သည့်ဝါများ ထွက်ရှိရန်လိုသည်။
အရည်အသွေးကောင်းဝါများ စိုက်ပျိုးထုတ်လုပ်ပြီး တန်ဖိုးမြှင့်ချည်မျှင်နှင့် အထည်များ
ထုတ်လုပ်ကြရန်လိုသည်။ အဝတ်အထည်များအား အရောင်အသွေးစုံလင်စွာဖြင့် ဈေးကွက်ကြိုက်၊ လူကြိုက်များသော
အဝတ်အထည်များ ထုတ်လုပ်သွားရန်လိုသည်။ ထို့အပြင် အခြားဈေးကွက်များဖြစ်သည့် ဟိုတယ်နှင့်
ပုဂ္ဂလိကသုံးကုန်ပစ္စည်းများကို အရည်အသွေးမီစွာ ထုတ်လုပ်နိုင်ရန်အတွက် သုတေသနလုပ်ငန်းများ
အားဖြည့်ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ချည်မျှင်နှင့်
အထည်စက်ရုံများသည် နိုင်ငံအတွက် အရေးပါပြီး အကျိုးရှိသည့်စက်ရုံများဖြစ်သဖြင့် နိုင်ငံလိုအပ်ချက်ကို
ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ကောင်းမွန်သောအထည်များ ဝယ်ယူဝတ်ဆင်နိုင်ရေး
ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ချည်မျှင်လုပ်ငန်းကို အခြေခံသည့် MSME စက်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်နိုင်ရန်အတွက် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့်
အရည်အသွေးကောင်းမွန်သော ဝါစိုက်ပျိုးရေးကို ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင်
ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့ရောင်းချနိုင်သည်အထိ
ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်အားပေးပြီး ဝါစိုက်ဧကများတိုးချဲ့ကာ
ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြကာ ဝါနှင့် ချည်မျှင်၊ ချည်မျှင်နှင့်
အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးကို အလေးအနက်ထား ဝိုင်းဝန်းလုပ်ကိုင်ကြပြီး
နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာရေးနှင့်
နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment