“သွေးသည်အသက်” ဟု အဆိုရှိသည်။ အသက်ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော သွေးကို ပေးလှူကြသည့် သွေးအလှူရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ ၁၄ ရက်ကို “ကမ္ဘာ့သွေးလှူရှင်များနေ့” အဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာတစ်ဝန်းရှိ သွေးလိုအပ်နေသူများအတွက် လုံခြုံစိတ်ချရသည့် သွေးရရှိရန်အရေးကြီးသည် ဆိုသည့်အချက်ကို အများပြည်သူသိရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၅ ခုနှစ်မှစကာ နှစ်စဉ် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ယနေ့ကမ္ဘာတစ်ခွင်တွင်
ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အရေးပေါ်ကုသမှုခံယူရမည့်လူနာများ၊ ကလေးမွေးမည့်
မိခင်များနှင့် ပုံမှန်သွေးသွင်းနေရသည့် နာတာရှည်ဝေဒနာရှင်များ စသည့်သွေးလိုအပ်သူများ
သန်းပေါင်းများစွာရှိနေသည်။ စက္ကန့်တိုင်းနှင့်အမျှ ကမ္ဘာ့တစ်နေရာရာတွင် လူတစ်ဦးဦးသည်
လုံခြုံစိတ်ချရသည့် သွေးလိုအပ်ချက်များရှိနေသော်လည်း သွေးရရှိမှုမှာ
နည်းပါးလျက်ရှိခြင်းကြောင့် သွေးဘဏ်များမှာ သွေးလှူရှင်များ ရရှိရေးအတွက်
ရုန်းကန်ကြိုးပမ်းနေကြရသည်။ သွေးအလှူရှင်များတွင်လည်း အစားထိုးလှူဒါန်းသော
မိသားစုဝင်(သို့မဟုတ်) မိတ်ဆွေသွေးလှူရှင်များ၊ အခကြေးငွေယူ၍ လှူဒါန်းသော
သွေးအလှူရှင်များ တစ်နည်းအားဖြင့် သွေးရောင်းသူများ၊ မိမိဆန္ဒအလျောက်
အခကြေးငွေမယူဘဲ သွေးလှူဒါန်းသည့် စေတနာသွေးလှူရှင်များဟူ၍ရှိရာ အန္တရာယ်ကင်း၍
လုံခြုံစိတ်ချရသည့် သန့်ရှင်းသော သွေးရရှိနိုင်ရန် အခကြေးငွေမယူဘဲ ပုံမှန်သွေးလှူသည့်
စေတနာသွေးလှူရှင်များကို အဓိကအားထားကြရသည်ဟု သိရသည်။
သွေးသွင်းရန်
လိုအပ်သည့်လူနာကို သွေးမှတစ်ပါးအခြားမည်သည့်အရာနှင့်မျှ အစားထိုးကုသပေး၍
မရသည့်အလျောက် လူနာများအတွက် အသက်ကယ်အလှူဖြစ်သော သွေးကို နေ့စဉ်စဉ်ဆက်မပြတ်
လှူဒါန်းကြသည့် သွေးလှူရှင်များမှာ လွန်စွာအရေးကြီးသည်။ ယမန်နှစ်(၂၀၂၃ ခုနှစ်)က
အမျိုးသားသွေးဌာန က ဆေးရုံများအား ဖြန့်ဝေပေးခဲ့သည့် သွေးယူနစ်ပေါင်း ၉၃၃၈၅
ယူနစ်ရှိခဲ့ရာ လူနာများမှာ ငွေကြေးကုန်ကျမှုနှင့် သွေးလှူရှင်ရှာဖွေရမှုတို့ ကင်းဝေးကာ
လိုအပ်သည့် သွေးအမျိုးအစားနှင့် သွေးပစ္စည်းများရရှိပြီး ကုသမှုခံယူနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးသားသွေးဌာနတစ်ခုရှိပြီး သွေးလှူဘဏ်များအနေဖြင့် မန္တလေး၊
မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော်တို့ရှိ
ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ်ခုနစ်ခုရှိသည်။ ထို့ပြင် ခုတင်
၂၀၀ နှင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ထားသည့် သွေးဘဏ်များ
တိုးချဲ့ဖွဲ့စည်းထားပြီး Blood
Management System(BMS) Software ကို တပ်ဆင်အသုံးပြုလျက်ရှိသည်။
ယခုနှစ်တွင် အမျိုးသားသွေးဌာန၌ သွေးလှူရှင်အသစ် ၉၆၂၅ ဦး စတင်လှူဒါန်းခဲ့ကြပြီး
စဉ်ဆက်မပြတ်လှူဒါန်းသည့် သွေးလှူရှင် ၂၉၈၆၆ ဦး ရှိသည်ဟု သိရသည်။
အသက်ရှင်သန်နိုင်ရေးအတွက်
လုံခြုံစိတ်ချရသော သွေးလိုအပ်နေသူ လူနာများစွာရှိသကဲ့သို့ပင် သွေးလှူခြင်းကို
မွန်မြတ်သော ဇီဝိတဒါနအဖြစ်ခံယူကာ စဉ်ဆက်မပြတ်လှူဒါန်းကြသူများလည်း များစွာရှိသည်။ အသက်
၁၈ နှစ်မှ ၅၅ နှစ် အတွင်း၊ အမျိုးသား ပေါင် ၁၁၀ အထက်၊ အမျိုးသမီး ပေါင် ၁၀၀ အထက်
ကိုယ်အလေးချိန်ရှိသူများ၊ ကူးစက်ရောဂါကင်းစင်သူများမှာ
သွေးလှူဒါန်းနိုင်သူများဖြစ်သည်။ တစ်ကြိမ်သွေးလှူပြီးပါက လေးလလျှင်တစ်ကြိမ်
ဆက်လက်လှူဒါန်းသွားနိုင်သည်။ စေတနာသွေးလှူရှင်တစ်ဦး လှူဒါန်းလိုက်သည့် တစ်ကြိမ်စာသွေးအလှူ(ဒသမ
၄၅ လီတာ) သည် ပမာဏအားဖြင့် ရေသန့်ဘူးတစ်ဝက်ခန့်သာရှိသော်လည်း လူနာသုံးဦးကို ကူညီပေးနိုင်သည်။
သွေးလိုအပ်သည့် လူနာများအား ၎င်းတို့လိုအပ်ချိန်တွင် သန့်ရှင်းသောသွေးများ ချက်ချင်းထုတ်ပေးနိုင်ရေးအတွက်
ကုသိုလ်သဒ္ဓါရွှင်လန်းစွာဖြင့် စေတနာသွေးအလှူရှင်များအဖြစ်
လှူဒါန်းနိုင်ကြပါစေကြောင်း။ ။
No comments:
Post a Comment