နေပြည်တော် ဇွန် ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အဋ္ဌကထာကျမ်း စာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တိုးချဲ့သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်
ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုသော ဆရာ တော်ကြီး ၁၁ ပါး Video Con-ferencing ဖြင့်တက်ရောက်ကြပြီး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး
ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဦးစွာ
အစည်းအဝေးကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပိဋကသုံးပုံပါဠိတော် အုပ် ရေ ၄၀ ကို
ရွှေသုဝဏ်ဆရာတော်ကြီး ဘဒ္ဒန္တသဒ္ဓိယက ကွန်ပျူတာစာမူဖြင့်
ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခုအခါ အဋ္ဌကထာ ၅၁ အုပ်ကို ကွန်ပျူတာစာမူဖြင့် ပုံနှိပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊
ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နာယကအဖွဲ့ဆရာတော်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ ဆရာ
တော်ကြီးများ၊ အထောက်အကူပြု ကော်မတီအဖွဲ့များကို ဖွဲ့စည်းနိုင်ရေး ၂၀၂၃ ခုနှစ်
ဒီဇင်ဘာ ၂၁ ရက်ကပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၍ ဆောင်ရွက်ခဲ့ကြောင်း၊
ပါဠိစာပေနှင့် ကွန်ပျူတာကျွမ်းကျင်သူ ဝန်ထမ်းစုစုပေါင်း ၃၀ တို့ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း။
ယခုအခါ
စက်တင်ပုံနှိပ်လျက်ရှိသည့် ကျမ်းစာအုပ်ငါးအုပ်၊ ဆရာ တော်ကြီးများက စိစစ်တည်းဖြတ်ဆဲစာအုပ်
၁၈ အုပ်နှင့် ကွန်ပျူတာစာမူပြုစုရေးအဖွဲ့က စာမူပြုစုဆဲခြောက်အုပ်တို့ကို
ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကျမ်းစာအုပ် ၂၂ အုပ်
ကျန်ရှိနေသေးကြောင်း၊ စက်တင်ပုံနှိပ်ပြီး အဋ္ဌကထာကျမ်းများမှာ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပထမတွဲ)၊ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊
ပါစိတျာဒိအဋ္ဌကထာ၊ (ဝိနည်း)မဟာ ဝဂ္ဂအဋ္ဌကထာနှင့် အင်္ဂုတ္တရအဋ္ဌကထာ (တတိယတွဲ) တို့ဖြစ်ကြောင်း၊
ထိုကဲ့သို့ ဆရာဒကာညီညွတ်စွာလက်တွဲ၍ ဆောင်ရွက်လျက်ရှိရာ ကျမ်းစာအုပ် ၂၂ အုပ်ကိုလည်း
အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားစိစစ်ပေးတော်မူကြပါရန်
လျှောက်ထားသည်။
ဆက်လက်၍
အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက
ယခုလုပ်ငန်းသည် ကြီးမားကျယ်ပြန့်သည့်အတွက် ပရိယတ္တိစာပေကျွမ်းကျင်သည့် ဆရာတော်ကြီးများ၊
စာသင်တိုက်ကြီးများ ပါဝင်စေလိုကြောင်း၊ ဦးစီးဦးဆောင်လုပ်သည့် ဆရာတော်ကြီးများကို
လုပ်ငန်းအဖွဲ့များတွင် ပါဝင်စေလိုကြောင်း မိန့်ကြားပြီး နေပြည်တော် ပျဉ်းမနားမြို့
ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက ပါဠိဆရာတော်ကြီး
ဘဒ္ဒန္တဝိမလဗုဒ္ဓိက ထပ်ခါထပ်ခါကူးယူရခြင်းနှင့် ထပ်ခါထပ်ခါပုံနှိပ်ရခြင်းတို့ကြောင့်
ချို့ယွင်းမှုများမရှိရန် အသေအချာစိစစ်ရန်လိုကြောင်း မိန့်ကြားသည်။
ထို့နောက်
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရက
လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အမှားအယွင်းမရှိစေရေး၊
ကွန်ပျူတာကျွမ်းကျင်ရန်နှင့် ပါဠိစာပေကျွမ်းကျင်ရန် အရေးကြီးကြောင်း မိန့်ကြားပြီး
ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရ (မြို့တော်ဝန်)ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာနန္ဒက
သာသနာရေးဦးစီးဌာနက ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉ ခုနှစ်နှင့် ၁၉၆၈၊ ၁၉၆၉၊ ၁၉၇၀၊ ၁၉၇၁
ခုနှစ်များတွင် ပုံနှိပ်ထုတ်ဝေသော အဋ္ဌကထာစာအုပ်များနှင့် တိုက်ဆိုင်စစ်ဆေးစေလိုသဖြင့်
အတည်ပြုဆုံးဖြတ်ပေး တော်မူပါရန်လျှောက်ထားရာ ကြွရောက်လာကြသော ဆရာတော်များက အတည်ပြုတော်မူကြသည်။
ယင်းနောက်
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ
ဇောတိကက မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကသုံးပုံပါဠိတော်များကို ဖွင့်ဆိုသည့်
ကျမ်းများဖြစ်သည့်အတွက် ခက်ခဲနက်နဲသဖြင့် သာမန်ဆောင်ရွက်၍ မရကြောင်းနှင့် လေးလေးနက်နက်နှင့်
ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်ရန်လိုကြောင်း လျှောက်ထားပြီး နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမုဒကအဋ္ဌကထာကျမ်းစာအုပ်များ
ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး
စာမူစိစစ်တည်းဖြတ်ရာတွင် စာစစ်ပုံစာစစ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်
ကွန်ပျူတာပညာရှင်တစ်ဦးက အဋ္ဌကထာကျမ်းစာအုပ်များ ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့်
ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းလျှောက်ထားတင်ပြပြီး
ဒုတိယဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အဋ္ဌကထာကျမ်းစာအုပ်များ
ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေး လျှောက်ထားရာ
နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးက စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း
မိန့်ကြားခဲ့မှုအခြေအနေကို ဆွေးနွေးလျှောက်ထား တင်ပြသည်။
ယင်းနောက်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဋ္ဌကထာကျမ်းစာအုပ် ၅၁
အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက်
ဩဝါဒါစရိယဆရာတော်ကြီးများ၊ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ လုပ်ငန်းကော်မတီ ဆရာတော်ကြီးများ
ပြင်ဆင်ဖွဲ့စည်းမှုနှင့် စာမူစိစစ်ရေး ဆရာတော်များအဖွဲ့ ၂၃ ဖွဲ့ လျာထားချက်လျှောက်ထားရာ
အတည်ပြုပေးတော်မူကြသည်။
ထို့နောက်
ဒုတိယဝန်ကြီး ဦးအေးထွန်းက အဋ္ဌကထာကျမ်း စာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း
ကွန်ပျူတာစာစီဖြင့် ပုံနှိပ်ထုတ်ဝေနိုင်ရေးဆောင်ရွက်ထားရှိမှု၊
ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြရာ
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားလျှောက်ထားကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment