Tuesday, June 18, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး


နေပြည်တော် ဇွန် ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန် ရှိသူများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း” တစ်နည်း အားဖြင့် အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းနှင့် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရစေမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သား လိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်နှင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကို ငြင်းဆန်ရန် တိုက်တွန်းလိုပါကြောင်း၊ အဂတိတရား ကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် ဝန်ထမ်းကောင်းများဖြစ်ကြစေရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြား သည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကော်မရှင်အနေဖြင့် ဥပဒေပါ ရည်ရွယ် ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီး ဝန်ဆောင်မှုပေးရသည့် ဌာနများအနေဖြင့်လည်း မိမိတို့၏ဝန်ဆောင်မှု အရည် အသွေးနှင့်စပ်လျဉ်း၍ ပြည်သူ၏အကဲဖြတ်၊ အကြံပြုချက်များကိုရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန် မှု ရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မရှင်မှ နည်းပညာများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပြည်သူထံမှ ပြန်လည်တုံ့ပြန်ဖြေကြားရာ၌ SMS ပေးပို့ရသည့် ကုန်ကျစရိတ်များ သက်သာစေရန် ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဆက်သွယ်ရေးကုမ္ပဏီများနှင့် ညှိနှိုင်းပေးပြီးဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများသည်လည်း ပြည်သူများဖြစ်၍ အခြားဌာနများ၌ ဝန်ဆောင်မှုများ သွားရောက် ရယူရာတွင် (Public Feedback Programme-PFP) အစီအစဉ်ကို တက်ကြွစွာ ပါဝင်ဖြေကြားပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စုမြတ်နိုင်က ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စံနှုန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment