Thursday, June 20, 2024

ပြင်ဦးလွင်ခရိုင်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲကျင်းပ

 


ပြင်ဦးလွင် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း (မြင့်မြတ်စာကြည့်တိုက်) တို့ ပူးပေါင်းစီစဉ်ကျင်းပသော စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” စာပေဟောပြောပွဲကို ယမန်နေ့က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ ရှိ မြင့်မြတ်စာကြည့်တိုက်၌ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များအရောက် ကွင်းဆင်းကာ စာပေဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ စာရေးဆရာ ကိုရွှေအောင်သင်းက “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ လူငယ်များနှင့် ဒေသခံပြည်သူများ စာပေဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။ ထို့နောက် မြင့်မြတ်စာကြည့်တိုက်မှ ရုံးအဖွဲ့မှူး ဦးမြင့်ရွှေက စာအုပ်များ ပေးအပ်လှူဒါန်းရာ လက်ထောက်ညွှန်ကြားရေးမှူးက လက်ခံရယူသည်။ ဆက်လက်၍ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း (မြင့်မြတ်စာကြည့်တိုက်) မှ အမှုဆောင် ဦးဟိန်းမင်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ စာပေဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများ၊ စာကြည့်တိုက်မှူးများ၊ အ.လ.က (၃) ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၀၀ တက်ရောက်ခဲ့ကြသည်။

ဖြူလူသစ် (ပြန်/ဆက်)

No comments:

Post a Comment