ဒေါက်တာထွန်းတင့်
တို့၊
ပုတ်၊ ကက်၊ ကြ၊ ကျီ
(ယမန်နေ့မှအဆက်)
“ကက်”ဟူသော ဝေါဟာရကို ခရီးဆောင်မြန်မာအဘိဓာန်တွင် “စပါး၊ ပဲ၊ ပြောင်း ပေါင်းစုသိုလှောင်ရာ ၆၄ တင်းဝင်ပုတ်ကြီး၊ ၆၄ တင်း ပမာဏချင့်ဝန်ဟူ၍လည်းကောင်း၊ ဖဲချပ်သစ်သား ဖြင့် ၆၄ ပြားရှိသော ဖဲ၊ ယင်းဖဲချပ်ပြားတို့ဖြင့် ကစားရသော ဖဲကစားနည်းဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုပါသည်။
‘ကက်’သည် စပါး၊ ပဲ၊ ပြောင်း ၆၄ တင်း ပေါင်းစည်းရုံးစုသိုမှီးရာ
အဆောက်အဦဖြစ်သည်ဟု ဆိုသည်။ ဤတွင် “ကက်” ဆိုသည်မှာ ပေါ်လွင်သည်။ တစ်ဖန် “ကက်”
ဆိုသည်မှာ ဖဲချပ်ပြား ၆၄ ပြားရှိသော ဖဲဟုဆိုပြန်ရာ ၆၄ တင်း ပေါင်းစုရာ အဆောက်အဦကို
“ကက်”ဟုခေါ်သည်ကို လိုက်တု၍ ဖဲချပ်ပြား ၆၄ ပြားရှိသောဖဲတစ်ဖုံကို “ကက်”
ဟုခေါ်လေသလောဟုလည်း တွေးတောဖွယ်ဖြစ်သည်။ သို့တည်းမဟုတ် ဖဲချပ်ပြား ၆၄ ပြားကို
ပေါင်းစည်းဆက်စပ်၍ ကစားရသော ဖဲအဖုံဖြစ်၍ “ကက်”ဟု ခေါ်လေသလောဟုလည်း
ဆင်ခြင်ရန်ဖြစ်ပေသည်။
စပါး၊
ပဲ၊ ပြောင်း သိုမှီးရာ “ကက်” ဆိုသည်မှာ အခိုင်အခံ့ဆောက်လုပ်ထားသော အဆောက်အအုံမဟုတ်ပါ။
ရှည်လျားသော ရိုင်၊ သို့မဟုတ် ရိုင်ပတ်ကို ပတ်ခွေထားသော အောက်ခံဖင်ပိတ်မပါသည့်
အဆောက်အဦဖြစ်သည်။
ကြ
“ကြ” ဟူသည် အဘယ်နည်း။ “ကြ” ဟူသည် စပါး၊ ပဲ၊ ပြောင်း
ပေါင်းစည်းရုံးစုသိုမှီးရာ အဆောက်အအုံဖြစ်သည်။ စပါး၊ ပဲ၊ ပြောင်း ၂၅၆ တင်း
ထည့်သွင်းသိုလှောင်နိုင်သည်။ စပါး၊ ပဲ၊ ပြောင်း၊ ၂၅၆ တင်းကိုလည်း တစ်ကြဟု
ပင်ဆိုကြသည်။ “ကြ” ကို စပါး၊ ပဲ၊ ပြောင်း သိုလှောင်ရာအဆောက်အအုံဟု ခေါ်ဆိုသည်မှာ
“ကြ” ၏ အဖွင့်အဓိပ္ပာယ်ဖြစ်သည်။ “ကြ”၏အနက်မှာ “ပေါင်းစည်း၊ ဆက်စပ်”ပင် ဖြစ်သည်။
ရှေ့တွင် ဖော်ပြခဲ့သော “တို့၊ ပုတ်၊ ကက်” တို့ကဲ့သို့ပင် “ပေါင်းစည်း၊ ဆက်စပ်”
အနက်ရှိသည်။ ဤသို့လျှင် “တို့”လည်း စပါး၊ ပဲ၊ ပြောင်း ပေါင်းစုသိုမှီးရာ အဆောက်အဦ၊
“ပုတ်”လည်း စပါး၊ ပဲ၊ ပြောင်း ပေါင်းစုသိုမှီးရာအဆောက်အဦ၊ “ကက်” လည်း စပါး၊ ပဲ၊
ပြောင်း ပေါင်းစုသိုမှီးရာ အဆောက် အအုံဖြစ်သည်။ (အဆောက်အဦနှင့် အဆောက်အအုံ ကိုခွဲ၍
သုံးနှုန်းထားပါသည်။ ခရီးဆောင်မြန်မာ အဘိဓာန်တွင် အဆောက်အဦကို “အသုံးအဆောင်
ပစ္စည်း၊ ကိရိယာ၊ တန်ဆာပလာ”ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ အဆောက်အအုံကို “သစ်၊ ဝါး၊ အုတ်
စသည်တို့ဖြင့် တည်ဆောက်ထားသောအိမ်စသည်”ဟု အဓိပ္ပာယ်ဖွင့်ပါသည်။)
“ကြ” သည် “ပေါင်းစည်း၊ ဆက်စပ် အနက် ရှိကြောင်းကို ပစ္စည်း ဝါစင်္ဂအဖြစ်သုံးသော
“ကြ” ၏ အသုံးနှင့်လည်း နှိုင်းချင့်သိရှိနိုင်ပါသည်။
သွားကြလာကြသည်၊
စားကြ သောက်ကြသည် စသည်တို့တွင် “ကြ” ကို “အများပြကြိယာပစ္စည်း” ဟုဆိုသည်။
အမှန်စင်စစ် “ကြ” ၏အနက်မှာ အများကို အဓိကဟောသည်မဟုတ်။ ပေါင်းစည်းခြင်းကိုသာဟောသည်။
သွားကြသည်ဆိုလျှင် တပေါင်းတစည်း တည်းသွားသည်။ လာကြသည်ဆိုသည်မှာ တပေါင်းတစည်းတည်းလာသည်
စသည်ဆိုလိုသည်။ တစ်နည်းအားဖြင့်ကား သွားကြသည်၊ လာကြသည်ဟုဆိုလျှင် တပေါင်းတစည်းတည်း
အတူတွဲလျက် သွားကြ၊ လာကြခြင်းဟုတ်ကောင်းမှ ဟုတ်ပေမည်။ သို့ရာတွင် သွားခြင်းအမှု၊
လာခြင်းအမှုကား အတူဖြစ်သည်။ တပေါင်းတစည်း တစ်သဘောတည်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
ကျီ
“ကျီ” ဆိုသည်မှာ စပါး၊ ပဲ၊ ပြောင်း ပေါင်းစု သိုမှီးရာအဆောက်အအုံဖြစ်သည်။
စပါး၊ ပဲ၊ ပြောင်း တင်းပေါင်း ၁၀၂၄ တင်း ဝင်ဆံ့သော အဆောက်အအုံ ဖြစ်သည်။ တို့၊
ပုတ်၊ ကက်၊ ကြ တို့ထက်ကြီးသော စပါး၊ ပဲ၊ ပြောင်းအများဆုံး ဝင်ဆံ့သော အဆောက်အအုံဖြစ်သည်။
တို့သည်
၄ တင်းဝင်၊ ပုတ်သည် ၁၆ တင်းဝင်၊ ကက်သည် ၆၄ တင်းဝင်၊ ကြသည် ၂၅၆ တင်းဝင် ဖြစ်သည်။
“တို့ ပုတ် ကက် ကြ ကျီဝယ်၊ ယင်းငါးသွယ် ဇယနှင့်၊ စဉ်ကမပွားတုံပါ”ဟု ဆိုသည့်အတိုင်း
ပုတ်သည် တို့၏ ၄ ဆ (၁၆ တင်း)၊ ကက်သည် ပုတ်၏ ၄ ဆ (၆၄) တင်း၊ ကြသည် ကက်၏ ၄ ဆ (၂၅၆
တင်း)၊ ကျီသည် ကြ၏ ၄ ဆ (၁၀၂၄ တင်း) ဟူသည့် ချင့်ဝန်ပမာဏကို မှတ်သားရပေသည်။
ဤတွင်
“ကျီ” ၏ အနက်လည်း “ပေါင်းစည်း၊ ဆက်စပ်” ဖြစ်ကြောင်း အထူးရှင်းရန်လိုတော့မည်
မဟုတ်ပါ။ “ကျီ” ၏ အနက်ကို သိလိုက “ကျိ၊ ကျီ၊ ကျီး”ဟူသော တက်ကျသံဝေါဟာရ သုံးမျိုး၏
အနက်ဖြင့် ချိန်ဆသိသာနိုင်သည်။ “ကျိ” ၏ အနက်လည်း “ပေါင်းစည်း၊ ဆက်စပ်” ဖြစ်သည်။
ထို့ကြောင့် “ကျိ” ကို ချွဲသော၊ ပျစ်သော၊ များသောဟု အဓိပ္ပာယ်ဖွင့်ကြသည်။ ပေါင်းစည်း၊
ဆက်စပ်ခြင်းဖြင့် ချွဲသော၊ ပျစ်သော၊ များသောအဖြစ်သို့ ရောက်သည် မဟုတ်ပါလော။ “ကျီ”
၏ အနက်လည်း “ပေါင်းစည်း၊ ဆက်စပ်” ပင်ဖြစ်သည်။ ထို့ကြောင့် “ရွှေ၊ ငွေ၊ ဖန်”
တို့ကို ကျို၍ အတုံးအခဲ ဖြစ်အောင်လုပ်သည်ကို ကျီသည်ဟု ဆိုသည်။ “ကျီး” ၏အနက်လည်း
“ပေါင်းစည်း၊ ဆက်စပ်” ပင်ဖြစ်သည်။ “ကျီး” သည် “ပေါင်းစည်း၊ ဆက်စပ်” မှုအား
အကြီးဆုံးဖြစ်သဖြင့် သာမန်ပေါင်းစည်း ရုံမျှမကဘဲ အတုံးအခဲ၊ အတွေအခဲအဓိပ္ပာယ်ဆောင်ပေသည်။
မီးကျီး၊ ကျီးပေါင်းဟူသော ဝေါဟာရများမှ “ကျီး” ၏အနက်ဖြင့် ချင့်တွက်ဆင်ခြင်နိုင်ပေသည်။
အချုပ်အားဖြင့်ဆိုသော်
တို့၊ ပုတ်၊ ကက်၊ ကြ၊ ကျီ တို့သည် စပါး၊ ပဲ၊ ပြောင်း ပေါင်းစုသိုမှီးရာချည်းဖြစ်ကြပြီး
အနက်ရင်းများမှာလည်း “ပေါင်းစည်း၊ ဆက်စပ်” ဟူသော အနက်ချည်းဖြစ်သည်ဟူသော အချက်၊
မြန်မာတို့သည် အမည်ပေးမှည့်ခေါ်ရာတွင် အနွတ္ထအမည်ကို ပေးလေ့ရှိကြသည်ဟူသော အချက်၊
မြန်မာတို့သည် ချင့်ဝန်ကို စံချိန်စံညွှန်းဖြင့် စနစ်တကျသတ်မှတ်၍ သုံးကြသော အဆင့်မြင့်သော
လူမျိုးဖြစ်သည်ဟူသော အချက်တို့ကို ဂုဏ်ယူဝင့်ကြွား မှတ်သားကြရာသတည်း။
မြန်မာစာကို
ချစ်မြတ်နိုးတတ်ပါစေ
No comments:
Post a Comment