အေးမြင့်အောင်
ဒီရက်ပိုင်းအတွင်း ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြောစရာတွေရှိနေပေမယ့်မပြောဘဲ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ အဲဒီလို ရေငုံနှုတ်ပိတ်နေပြန်တော့လည်း အစွန်းရောက်အနုပညာသမားလိုလို၊ လူ့အခွင့်အရေးသမားလိုလိုတွေက ပါးစပ်ထဲတွေ့ရာ စံနှုန်းတွေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ တွဲစပ်ပြီး စိတ်ကူးတည့်ရာ ပြောကြားတာတွေညံလာလို့ မပြောမဖြစ် ပြောရပါတော့မယ်။
သိကြတဲ့အတိုင်း
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြည်ဖျက်မီဒီယာတွေ၊ ပြည်ပလက်ဝေခံ အမျိုးဖျက်မီဒီယာတွေက
လုပ်ကြံသတင်း တစ်ပုဒ်ထုတ်လွှင့်ခဲ့ပါတယ်။ ဇွန်လ ၁၂ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ
အနုပညာလွတ်လပ်ခွင့်တွေအတွက် ဆန္ဒပြနေပါတယ်ဆိုပြီး လုပ်ကြံသတင်းတွေ တွေ့လိုက်ရလို့ ကျွန်တော့်အတွက်
ပြောစရာတွေတစ်ပုံကြီး ဖြစ်လာပါတော့တယ်။ အဲဒီသတင်းမှာပါတဲ့ ဓာတ်ပုံတွေဟာ သမ္မတရုပ်ရှင်ရုံရဲ့
ပုံတွေမဟုတ်ဘဲ ဘယ်တုံးကမှန်းမသိ၊ ဘယ်နေရာကမှန်းမသိတဲ့ ပုံတွေဖြစ်နေတော့ အနုပညာအမည်ခံလူပုဂ္ဂိုလ်အချို့နဲ့
ပြည်ဖျက်မီဒီယာအချို့ရဲ့ ပြည်သူကို ဂျင်းထည့်ပြောဆိုမှုတွေသာဖြစ်တယ်လို့
နားလည်မိပါတယ်။
အနုပညာကို
တလွဲမသုံးနဲ့
ကျွန်တော်သိတဲ့
ရုပ်ရှင်အနုပညာဆိုတာ သာမန်ဇာတ်လမ်း၊ ဇာတ်အိမ်တစ်ခုကို ဖန်တီးခင်းကျင်းပြသတာမျိုးထက်
အတုကို အစစ်လို့ထင်အောင် လှည့်ဖြားမှုတွေ၊ လှည့်စားမှုတွေဆိုတဲ့ မာယာမျိုးစုံရောနှောပြီး
ယုံကြည်အောင် ဖန်တီးပြသတဲ့ အတတ်ပညာလို့ပဲ ရိုးရိုးရှင်းရှင်း နားလည်မိပါတယ်။
ရုပ်ရှင်ကျမ်းစာအုပ်တွေ
လှန်ကြည့်ရင်ရုပ်ရှင်ဆိုတာ ဇာတ်သဘင်၊ ဂီတ၊ ဝတ္ထု၊ ပန်းချီ၊ ကဗျာ၊ ပန်းပုစတဲ့ အနုပညာခြောက်မျိုးပေါ်ပေါက်ပြီးမှ
ထွက်ပေါ်လာလို့ ရုပ်ရှင်ကို သတ္တမမြောက် အနုပညာလို့တောင် အမည်ကင်ပွန်းတပ်ကြပါတယ်။
အချို့ကတော့
ရုပ်ရှင်ဆိုတာ အနုပညာ။ အနုပညာဆိုတာ လူသားတွေ အလှကြိုက်တဲ့ အာရုံကို
နှစ်သိမ့်မှုပေးနိုင်တဲ့ ပုံကောင်းပုံလှတွေကို ပြုစုပျိုးထောင်ပေးတဲ့
စိတ်လှုပ်ရှားမှုဖြစ်တယ်။ ဝတ္ထုကို ရသစာပေ (Literature)လို့ ခေါ်ဆိုရင် ရုပ်ရှင်ကို
ရသပုံရိပ်(Image)လို့ ခေါ်ထိုက်တယ်ဆိုပြီး
အဓိပ္ပာယ်ဖွင့်ကြပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊
ရုပ်ရှင်အနုပညာဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ စီးပွားရေးအရရော ဩဇာအာဏာအရပါ အင်မတန်အရေးပါနေတာကို
လူတိုင်းလက်ခံထားကြပါတယ်။ မိဘဆရာသမားတွေရဲ့ ဆုံးမစကားတွေ၊ နီတိကျမ်းတွေထဲက
ဆုံးမစကားတွေထက် ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်ရှင်အနုပညာရှင်တွေရဲ့ စကားတွေဟာ
ပရိသတ်အပေါ် လွှမ်းမိုးငြိတွယ်သွားနိုင်တယ်ဆိုတာ လူတိုင်းအသိပဲဖြစ်ပါတယ်။
ကုန်ကုန်ပြောရရင် ရုပ်ရှင်ဖန်တီးသူတွေဟာ ကျွန်တော်တို့လုပ်သမျှ မြင်သမျှအရာခပ်သိမ်းကို
လွှမ်းမိုးနိုင်ပြီး အဖြစ်အပျက် ခပ်သိမ်းအပေါ် လိုသလိုလမ်းကြောင်းပြောင်းပစ်နိုင်ကြသူတွေပဲ
ဖြစ်ပါတယ်။
ကျွန်တော်ပြောခဲ့သလို
ရုပ်ရှင်အနုပညာဆိုတာ ပရိသတ်အပေါ် လွှမ်းမိုးလွန်းအားကြီးပြီး
ပါဝါကြီးလွန်းတာကြောင့် အချို့အနုပညာရှင်တွေရဲ့ တလွဲဆံပင်ကောင်းလုပ်ဆောင်နေကြတာကို
တွေ့ရမြင်ရလွန်းလို့ စိတ်ပျက်ရပါတယ်။
တကယ်တမ်းပြောရရင်
ခေတ်အဆက်ဆက်အနုပညာရှင်အချို့ဟာ နိုင်ငံရေးဆိုင်ရာ ဒိုင်မေးရှင်းတွေနဲ့
လူမှုရေးဆိုင်ရာဒိုင်မေးရှင်းတွေကို လိုသလိုဆွဲယူပုံဖော်ပြီး နိုင်ငံရေးနဲ့
လူမှုရေးကစားပွဲတွေမှာ ပါဝါသုံးဝင်ရောက်ကစားခဲ့ကြပါတယ်။
အလားတူကိုယ့်နိုင်ငံရဲ့
ကိုးကွယ်ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတန်ဖိုးတွေ၊ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေ၊
အမျိုးသားအမှတ်လက္ခဏာတွေ စတဲ့နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့
တန်ဖိုးဖြတ်လို့မရတဲ့ လူမှုတန်ဖိုးတွေကို ဖျက်လိုဖျက်ဆီးပြုပြီး
ရိုက်ချင်သလိုရိုက်၊ ပြချင်သလိုပြ၊ ပြောချင်သလို ပြောဆိုနေကြပါတယ်။
ဒါတွေကို
ခြုံပြီးပြောရရင် ပြည်သူတွေလေးစားတန်ဖိုးထားတဲ့ အနုပညာကို မိမိတို့ကိုယ်ကျိုးစီးပွားအတွက်
အဆိပ်ခတ်နေကြတာပါပဲ။ ကျွန်တော်တို့မျက်စိထဲမှာတော့…
- ပါးစပ်က “အနုပညာသည် ပြည်သူအတွက်”လို့
တွင်တွင်အော်ပြီး နောက်ကွယ်က ငွေကြေးမျိုးစုံ၊ အလှူငွေမျိုးစုံကို ရယူကာ
နိုင်ငံရေးကစားကွင်းထဲ ထင်တိုင်းကြဲခဲ့တဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေ၊
- နိုင်ငံရေးသမားတွေရေးတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေပေါ်မှာ ဗီလိန်လိုလို၊
မင်းသားလိုလို၊ သူရဲကောင်းလိုလို၊ လူကြမ်းလိုလို ပါဝင်အသုံးတော်ခံကြသူတွေရဲ့ပုံရိပ်တွေ
၊
- အနုပညာအမည်ခံပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု
ဓလေ့စရိုက်တွေကို ဖျက်ဆီးနေကြသူတွေရဲ့ ပုံရိပ်တွေ၊
- ဟီရိဩတပ္ပတရားကင်းမဲ့ပြီး မိဘဆွေမျိုး မောင်နှမသားချင်းအတူတကွ
ကြည့်ရှုလို့ မသင့်တဲ့ ဖန်တီးတင်ဆက်သူတွေရဲ့ပုံရိပ်တွေကို ပြန်လည်မြင်ယောင်ရင်း
.....
ပြည်သူချစ်တဲ့
အနုပညာတွေအပေါ် အဆိပ်မခတ်ကြပါနဲ့။ အနုပညာကို တလွဲအဓိပ္ပာယ်ဖွင့်၊ တလွဲအသုံးမချကြပါစေနဲ့လို့သာ
ဆုတောင်းနေရပါတယ်။
ဆင်ဆာကို
ဘယ်လိုမြင်လဲ
ရုပ်ရှင်ဟာ
ပြည်သူ့အတွက်လို့ ကြွေးကြော်ထားကြတဲ့ ရုပ်ရှင်လောကသားတွေအနေနဲ့ မိမိတို့ရဲ့
အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမှာဖြစ်သလို တစ်ဖက်ကလည်း အများပြည်သူရဲ့အကျိုးစီးပွားကို
ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် မိမိတို့စိတ်တိုင်းကျ
လွတ်လပ်စွာဖန်တီးရိုက်ကူးနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို မိမိတို့ဖန်တီးထုတ်လုပ်လိုက်တဲ့
အနုပညာပစ္စည်းကို ကြည့်ရှုအားပေးကြတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားမထိခိုက်အောင်၊
မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ ပါဝင်သူအားလုံး မထိခိုက်အောင်ပြတတ်၊
ဖန်တီးတတ်ဖို့လည်း လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
မကြာသေးခင်နှစ်များအတွင်းက
ရိုက်ကူးခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ သူနာပြု/သားဖွားဆရာမတွေ၊ ကျောင်းသား
ကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဇာတ်ဝင်ခန်းတွေကို
ရိုက်ကူးပြသကြတဲ့အခါ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ဝတ်စားဆင်ယင်မှု လွဲမှားကြတာတွေ၊
အဆောင်အယောင် လွဲမှားနေကြတာတွေရှိခဲ့တဲ့အတွက် ဝေဖန်ကန့်ကွက်မှုတွေ
ကြုံတွေ့ခဲ့ရပါတယ်။
ဒါ့အပြင်
ဘာသာရေး၊ လူမျိုးရေးအမုန်းတရားများ ဖန်တီးလှုံ့ဆော်မှုဖြစ်ခဲ့တာတွေ၊
မြန်မာလူမျိုးတိုင်း တန်ဖိုးထားဂုဏ်ယူကြတဲ့ ပုဂံယဉ်ကျေးမှု
အမွေအနှစ်တစ်ခုလုံးရဲ့ပုံရိပ်ကို များစွာ ညှိုးနွမ်းစေခဲ့တာတွေ၊
လူပုဂ္ဂိုလ်အမည်နဲ့ ဂုဏ်သိက္ခာထိခိုက်စေခဲ့တာတွေ၊ မသန်စွမ်းသူတွေကို
ထိခိုက်စေခဲ့တာတွေကြောင့် သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ
အသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ကန့်ကွက်တိုင်ကြားမှုတွေ ကြုံခဲ့ရတဲ့အတွက်
ဆင်ဆာအဖွဲ့အနေနဲ့ ပြေရာပြေကြောင်း ညှိနှိုင်းပြောဆိုဆောင်ရွက်ပေးခဲ့ရတာတွေရှိခဲ့ပါတယ်။
အဲဒီအခြေအနေတွေကို
ပြန်ကြည့်ရင်ဆင်ဆာအဖွဲ့အနေနဲ့ လွတ်လပ်စွာ အနုပညာဖန်တီး ထုတ်လုပ်မှုတွေအပေါ် ကန့်သတ်တားမြစ်ခြင်းမဟုတ်ဘဲ
ငွေကြေးအားဖြင့်ဖြစ်စေ၊ အချိန်အားဖြင့်ဖြစ်စေ၊ အနုပညာအားဖြင့်ဖြစ်စေ စိုက်ထုတ်ဆောင်ရွက်ခဲ့ကြတဲ့
အနုပညာပစ္စည်းကို ပိုပြီးအပြစ်ကင်းစင်စေဖို့၊ အလွန်အကျွံရိုက်ကူးပြသမှုတွေကြောင့်
နောက်ဆက်တွဲပေါ်ပေါက်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကို ပြေပျောက်စေဖို့အတွက် စေတနာနဲ့ဝေဖန်ထောက်ပြ
ပြင်ဆင်စေခဲ့တယ်ဆိုတာ နားလည်ပေးစေလိုပါတယ်။
လွတ်လပ်ခွင့်ဆိုတာ
လူတိုင်းနှစ်သက်ကြတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း
အပိုဒ်(၁၉)မှာ “လူတိုင်းဟာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်”ဆိုပြီး
လူသားတစ်ဦးရဲ့ လွတ်လပ်ခွင့်ကို ဖော်ပြထားတာကို တွေ့ရပါတယ်။
ရုပ်ရှင်အနုပညာသမားတွေအနေနဲ့ လွတ်လပ်စွာဖန်တီးရိုက်ကူးပြသလိုခြင်းဟာ လူသားတစ်ဦးရဲ့
သဘာဝကျတဲ့ လိုလားမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး
သတိမမေ့ဖို့လိုတာက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၂၉)မှာ “မိမိ၏
အခွင့်အရေးများနဲ့ လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏
အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ လေးစားရန်အလို့ငှာလည်းကောင်း၊
ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊
အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်
အလို့ငှာလည်းကောင်း၊ ဥပဒေအရသတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ
ကျင့်သုံးပိုင်ခွင့်ရှိသည်” လို့ ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့
အားလုံးဟာ စည်းကမ်းစနစ်တကျနဲ့သာ လွတ်လပ်စွာ နေထိုင်ပြုမူလုပ်ကိုင်ဆောင်ရွက်ကြရမှာ
ဖြစ်တယ်ဆိုတာ သတိပြုသင့်ကြပါတယ်။
ဆင်ဆာအဖွဲ့ရဲ့
စိစစ်ခြင်း၊ အကြံပြုခြင်းတွေဟာ ရုပ်ရှင်လောကသား တစ်ဦးချင်းရဲ့ အခွင့်အရေးနဲ့
အကျိုးစီးပွားတစ်ခုတည်းအတွက်သာ ရှေးရှုဆောင်ရွက်ရတာမဟုတ်ဘဲ အများပြည်သူရဲ့
အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်
ဆက်စပ်နားလည်ပေးကြဖို့ လိုအပ်ပါတယ်။
တကယ်လို့
ဆင်ဆာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးထုတ်လုပ်မှုတွေအပေါ်
ထိခိုက်နစ်နာခဲ့ပါကလည်း တည်ဆဲရုပ်ရှင်ဥပဒေ အခန်း(၇)မှာ ဖော်ပြထားတဲ့
အယူခံခြင်းဆိုင်ရာ အခွင့်အရေးတွေကို အသုံးချပြီး ပြန်ကြားရေးဝန်ကြီးဌာနကို
ဆက်သွယ်ဆောင်ရွက်ကြခြင်းသာ ကျွန်တော်တို့အားလုံးအတွက် မှန်ကန်တဲ့အဖြေရှာခြင်းတစ်ခုပဲ
ဖြစ်ပါတယ်။
တကယ်တော့
ရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာအဖွဲ့ကို ပြန်ကြည့်ရင်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ပေးထားသူတွေ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ
တာဝန်ပေးထားသူတွေ၊ ရုပ်ရှင်နှင့် စာပေအနုပညာကျွမ်းကျင်သူတွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ
ကိုယ်စားလှယ်တွေ၊ ဥပဒေဆိုင်ရာကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာလုပ်ငန်းတွေကို
နားလည်သိရှိသူ အငြိမ်းစားဝန်ထမ်း တွေ ပါဝင်ကြပါတယ်။
အဲဒီလို
ဆင်ဆာအဖွဲ့မှာ ပါဝင်ကြတဲ့သူတွေဟာ ရုပ်ရှင်အနုပညာကို လုံးဝနားမလည်သူတွေ၊ လူ့သဘောသဘာဝနဲ့
လူ့အဖွဲ့အစည်းတစ်ရပ်အပေါ် နားလည်မှုမရှိသူတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို
မသိနားမလည်သူတွေ မဟုတ်ကြဘဲ ရုပ်ရှင်အနုပညာနဲ့ပတ်သက်ပြီး ကိုယ်တိုင်သရုပ်ဆောင်/
ရိုက်ကူးထုတ်လုပ်ခဲ့ကြသူတွေ၊ ကိုယ်တိုင်စာပေရေးသား အောင်မြင်နေသူတွေ၊ မြန်မာစာ၊
မြန်မာစကားကို
တတ်ကျွမ်းနားလည်သူတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို သိရှိနားလည်သူတွေ၊
မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွေကို သိရှိနားလည်ထားကြသူတွေ၊ မြန်မာ့လူမှုဓလေ့စရိုက်နဲ့ “စံ” တန်ဖိုးထားမှုတွေကို
လေးစားမြတ်နိုးသူတွေဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
ဆင်ဆာအဖွဲ့ဝင်အချို့ဟာ
အနုပညာကို ကိုယ်တိုင်ဖန်တီးပုံဖော် ခဲ့ဖူးကြသလို အနုပညာနယ်ပယ်မှာ အောင်မြင်ခဲ့ကြသူတွေ၊
ရုပ်ရှင်အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသူတွေ၊ ရုပ်ရှင်အနုပညာကို
ချစ်ခင်မြတ်နိုးတန်ဖိုးထားသူတွေ၊ ရုပ်ရှင်ကို နက်နက်နဲနဲ ခံစားနားလည်ပေးတတ်သူတွေဖြစ်ကြတဲ့အတွက်
ရုပ်ရှင်လောကသားအချို့ စွပ်စွဲပြောဆိုကြသလို အနုပညာဖန်တီးမှုတွေအပေါ်
ကန့်သတ်ပိတ်ပင်တားဆီးစေလိုတဲ့ ရည်ရွယ်ချက်မရှိကြတာ အမှန်ပါပဲ။ အချို့အဖွဲ့ဝင်တွေဟာ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးကို ကိုယ်စားပြုပါဝင်ကြတဲ့
ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားဖန်တီး ထုတ်လုပ်မှုတွေအပေါ် အပျက်သဘောပြုမူစဉ်းစားဆောင်ရွက်နေကြသူတွေ
မဟုတ်ကြဘူးဆိုတာကိုလည်း နားလည်ပေးဖို့လိုအပ်ပါတယ်။ မိမိလိုအင်ဆန္ဒ မပြည့်တိုင်းဆင်ဆာအဖွဲ့ကို
အပြစ်ပြောဆိုခြင်းဟာ လက်တွေ့မကျတဲ့ အပြစ်ရှာခြင်းတစ်မျိုးသာဖြစ်ပါတယ်။
အနုပညာဆိုတာ
ရိုးသားရမယ်
အနုပညာဆိုတာ
ခက်ဖြာစီးဆင်းနေတဲ့ မြစ်မကြီးတစ်ခုပမာ လိုပါပဲ။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စတဲ့
စတဲ့ မြစ်လက်တက်တွေနဲ့ တန်ဆာဆင်ရပါတယ်-
- လောကကို ကောင်းကျိုးပြုရပါတယ်။
- လောကအကျိုး သယ်ပိုးကြရပါတယ်။
- လူ့အဖွဲ့အစည်းအားလုံးရဲ့
လူနေမှုဘဝတွေကို ထင်ဟပ်ပြရပါမယ်။
- မိမိလူမျိုးရဲ့
ယဉ်ကျေးမှုစရိုက်လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြရပါမယ်။
အနုပညာအလုပ်ဆိုတာ
ကျယ်ပြန့်တဲ့သဘောရှိတဲ့အတွက် ပုံစံတကျဘောင်ခတ်သတ်မှတ်ဖို့ မဖြစ်နိုင်တဲ့အတွက်
အနုပညာရေစီးကြောင်းမှာ ပါဝင်စီးမျောကြသူတိုင်းရဲ့ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံ
တရားတွေနဲ့သာ ထိန်းကျောင်းပဲ့ပြင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်
အနုပညာဟာ ကျွန်တော်တို့ နေ့စဉ်ကျင်လည်နေရတဲ့ ဘဝရေစီးကြောင်းပေါ်လိုက်ပြီး
ဖျော်ဖြေမှုအပိုင်း၊ အနုပညာခံစားမှုအပိုင်း၊ အသိပညာပေးမှုအပိုင်း၊
ဘဝရပ်တည်မှုအပိုင်း စတဲ့ ရှုထောင့်တိုင်းမှာ အစွမ်းထက်တဲ့ လက်နက်တစ်ရပ်လို့လည်း
နားလည် ထားပါတယ်။
ကောင်းတဲ့စေတနာသက်ရောက်တဲ့
အနုပညာတာဝန်ထမ်းဆောင် မှုအပိုင်းရှိသလို အန္တရာယ်အဆိပ်အတောက်သက်ရောက်စေတဲ့
အနုပညာအမည်ခံ ဆိုးရွားတဲ့လုပ်ရပ်တွေလည်းရှိနေတာကို ကျွန်တော်တို့အားလုံး
သတိပြုကြရမှာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး
ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ ဘဘစည်သူ ဗိုလ်ကလေးတင့်အောင်က “အနုပညာသည်စေတနာကို
ဦးထိပ်ထား၍ မေတ္တာကိုပွားများရသော အလုပ်ဖြစ်သည်။ အကြောင်းတစ်ခု ရေးမည်ဟု
တွေးဆဲကာလကတည်းက ထိုအကြောင်းကို အသေးစိတ် ထပ်တလဲလဲတွေး၍ စိတ်ပါလက်ပါ အားရဝမ်းသာရေးရသည်။
ပြည်သူအပေါင်းတို့ နှစ်ထောင်းအားရဝမ်းသာစွာ ခံယူနိုင်ကြပါစေဟူသော ခံယူချက်ဖြင့် တင်ဆက်ရသည်။
ငွေကြေးအသပြာသည် အဓိကမဟုတ်။ အနုပညာတင်ဆက်ခွင့်သည်သာ အဓိကဖြစ်သည်ဟု ခံယူခဲ့လေရာ
ကိုယ့်ဘဝကို ကိုယ်ကျေနပ်အားရလှသည်” ဟု စာအုပ်တစ်အုပ်တွင် အမှာစာရေးပေးခဲ့ဖူးပါတယ်။
ကျွန်တော်ကတော့
အောင်မြင်စစ်မှန်တဲ့ အနုပညာရှင်တစ်ယောက်ဟာ စေတနာမှန်၊ ခံယူချက်မှန်တဲ့
လုပ်ရပ်တွေရှိဖို့လိုသလို ဝါသနာနဲ့ ဗီဇစွမ်းရည်လည်း လိုအပ်တယ်လို့ ထင်ပါတယ်။
အောင်မြင်တဲ့ အနုပညာရှင်တွေကို လေ့လာကြည့်ရင် ရည်ရွယ်ချက်မှန်၊
စေတနာမှန်ခဲ့ကြရုံသာမက ရိုးသားမှု၊ ရင့်ကျက်မှု၊ ဗီဇဝါသနာထုံမှုတွေကြောင့်
အောင်မြင်ခဲ့ကြောင်း တွေ့ရပါတယ်။ အနုပညာရှင်ဆိုတာ ဘယ်လိုနိုင်ငံရေးအရောင်အသွေးဘယ်လိုပယောဂမှ
ကပ်ငြိမှုမရှိဘဲ ရိုးရိုးသားသား တင်ဆက်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အချုပ်အားဖြင့်
ပြောလိုတာကတော့ ခေတ်အဆက်ဆက် အောင်မြင်ကျော်ကြားခဲ့ကြတဲ့
ရုပ်ရှင်အနုပညာရှင်ကြီးတွေရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်၊ ယုံကြည်ချက်တွေဟာ
အနုပညာဖန်တီးမှုတွေအပေါ်သာ တိမ်းညွတ်ခဲ့ရုံသာမက မိမိတို့ဖန်တီးလိုက်တဲ့ အနုပညာရပ်
တွေဟာ ပြည်သူကို အဆိပ်မသင့်အောင်၊ ဘေးမရောက်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြတာကို ပြန်လည်လေ့လာသုံးသပ်ဖို့
လိုပါတယ်။ ဆင်ဆာစနစ်ကို အပြစ်ရှာပြောဆိုနေခြင်းအစား ခေတ်အဆက်ဆက် သမိုင်းရေစီးကြောင်းထဲက
သင်ခန်းစာယူစရာ အချက်တွေကို မမေ့မလျော့ ဆင်ခြင်ကြရပါလိမ့်မယ်။ ခေတ်သစ်
သီအိုရီတစ်ခုဖြစ်တဲ့ Win
& Win ကို လက်ခံပြီး မြန်မာ့လူ့အဖွဲ့အစည်းကြီးကို လေးစားတဲ့
အနုပညာရှင်တွေဖြစ်အောင် ကြိုးစားခြင်းတွေကသာ မြန်မာ့ရုပ်ရှင်အနာဂတ်
လှပသာယာပါလိမ့်မယ်။ ။
No comments:
Post a Comment