Thursday, May 23, 2024

ပုသိမ်မြို့ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ ဗုဒ္ဓါဘိသေ အနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပ

 


နေပြည်တော် မေ ၂၂

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အားရည်မှန်း၍ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သမိုင်းဝင်ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အရုဏ်ခံတန်ဆောင်းအတွင်း၌ ပြုလုပ်ရာ ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဿုတအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကြွရောက်တော်မူကြသော စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးကိုးပါးတို့က တံခွန်ကုက္ကား၊ မုလေးပွားများဆက်ကပ်၍ ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ပြီး တက်ရောက်လာကြသူများက ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအား ဆက်လက်ပြုလုပ်ရာ သံဃာတော်များနှင့် တက်ရောက်လာကြသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားသရစ္ဇျာယ်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပုသိမ်မြို့ မရမ်းချိုပရိယတ္တိ စာသင်တိုက်ဆရာတော် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သောဘိတထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုသိမ်မြို့ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ သံဃာတော် ၂၂၁၉ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် ၁၂၉ ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment