Thursday, May 23, 2024

ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပ


 

နေပြည်တော် မေ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

 





အခမ်းအနားသို့ စာတမ်းဖတ်ပွဲ သဘာပတိဆရာတော်ကြီးများဖြစ်ကြသည့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကေသရနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ စာတမ်းရှင်ဆရာတော်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဘာပတိဆရာတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာဘဒ္ဒန္တကုမာရက အဖွင့်ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခ ဆရာတော်ဒေါက်တာဘဒ္ဒန္တကဝိဓဇက “ကဆုန်လပြည့်နေ့တွင် ဗျာဒိတ်တော်ခံယူတော်မူခဲ့သည့် မြတ်ဗုဒ္ဓ၏ထူးခြားဖြစ်စဉ်များနှင့် မဟာဗောဓိပူဇာ” စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူး ဆရာတော် ဒေါက်တာဘဒ္ဒန္တအာစိဏ္ဏက “အလောင်းတော်မြတ်၏ ပါရမီခရီး၊ ဝေဿန္တရာမင်းအဖြစ်မွေးဖွားခြင်း” စာတမ်းတို့ကိုဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော်များက ပြန်လည်ဖြေကြားကြသည်။

ယင်းနောက် သဘာပတိဆရာတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရက ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) အဘိဓမ္မပိဋကမဟာဌာန ပါမောက္ခ/ဌာနမှူး ဆရာတော် ဒေါက်တာဘဒ္ဒန္တထေရိန္ဒက “သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ပွင့်တော်မူခြင်း” စာတမ်းနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန၊ ကထိကဆရာတော် ဘဒ္ဒန္တကေသရက “ဘုရင်ဗိမ္ဗိသာရနှင့် အနာထပိဏ်သူဌေးတို့၏ဘဝနှင့် ဓမ္မကိုလေ့လာခြင်း” စာတမ်းတို့ကိုဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော်များက ပြန်လည်ဖြေကြားကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သဘာပတိဆရာတော်ကြီးများနှင့် စာတမ်းရှင်ဆရာတော်များအား စာတမ်းဖတ်ပွဲအခမ်းအနား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် သဘာပတိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment