Friday, May 24, 2024

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၂၃

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ တိုးချဲ့စီမံကိန်းဆိုင်ရာ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက သံရည်ကျိုရန်အတွက် လိုအပ်သော ကုန်ကြမ်းများဝယ်ယူရာတွင် အရည်အသွေးကောင်းမွန်သည့် ကုန်ကြမ်းများကိုသာ စိစစ်ရွေးချယ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်ရုံရှိကုန်ကြမ်းများကိုလည်း အမျိုးအစားခွဲခြား၍ စနစ်တကျစုပုံထားရှိရန်၊ ယခင်နှစ်မှ ဝယ်ယူထားသည့် ကုန်ကြမ်း၊ ယာဉ်အို/ယာဉ်ဟောင်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းများသည် မည်မျှအထိသံရည်ကျိုနိုင်မည်ကို တွက်ချက်ထားရှိရန်နှင့် လိုအပ်သော ကုန်ကြမ်းများကို ဝယ်ယူမည့် အစီအမံများကိုလည်း ကြိုတင်ရေးဆွဲထားရန်၊ ထုတ်လုပ်မှုလုပ်ငန်းများ လျာထားချက်ထက် ကျော်လွန်အောင် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ တိုးချဲ့စီမံကိန်းလုပ်ငန်းများရှိ စက်တပ်ဆင်ရေးလုပ်ငန်းများ၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့များဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ရန်၊ စက်အရန်ပစ္စည်းများ ဝယ်ယူရာတွင် စက်ပစ္စည်း၏ အချက်အလက်များ၊ အရည်အသွေးများကို စနစ်တကျသတ်မှတ်၍ ဆောင်ရွက်ရန်၊ စက်ရုံရှိ ပုံသေပိုင်ပစ္စည်းများ၊ စီမံကိန်းဝင်စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က စီမံကိန်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး စက်ရုံမှူးက စက်ရုံမှထုတ်လုပ်သည့် လေးထောင့်ပုံ သံမဏိချောင်းများကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် သံမဏိချောင်းများ ထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၁)သံမဏိစက်ရုံ(ကျောက်စွယ်ကျိုး)သို့ ပေးပို့ထားရှိမှု၊ ကုန်ကြမ်းလက်ကျန်အခြေအနေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ပစ္စည်း၊ အဆောက်အအုံ၊ ဝန်ထမ်း၊ စာရွက်စာတမ်း၊ သတင်းလုံခြုံမှုရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်ရုံလုံခြုံရေးအစီအမံဆောင်ရွက်ထားရှိမှု၊ Hot Strip Mill တွင် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု၊ သံရည်ကျိုအလုပ်ရုံ(၂)တွင် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ ကုန်ကြမ်းများ စုပုံထားရှိမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment