Friday, May 24, 2024

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


နေပြည်တော် မေ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော မြို့နယ်သမဝါယမအသင်းစု ဘက်စုံခြံကုန်ထုတ်လမ်း ဆောင်ရွက်နေမှု၊ သမဝါယမဦးစီးဌာနက ရုရှားသဘာဝမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့သော နွေစပါး၊ အစေ့ထုတ်ပြောင်း ရိတ်သိမ်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများနှင့် သမဝါယမဦးစီးဌာနဦးစီးမှူးက နွေစပါး၊ အစေ့ထုတ်ပြောင်း ရိတ်သိမ်းနေမှုများနှင့် အထွက်နှုန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လမ်းဖောက် လုပ်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရုရှားသဘာဝ မြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့သော နွေစပါး၊ အစေ့ထုတ်ပြောင်း တစ်ဧကအထွက်နှုန်း၊ စိုက်ပျိုးမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းထားရှိပြီး အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ကာ ဆက်လက်စိုက်ပျိုးပါက အားနည်းချက်များကို ပြုပြင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

မှာကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘက်စုံခြံအတွင်း ခြံလှောင်စနစ်ဖြင့် မွေးမြူထားသောဒေသနွားမျိုးနှင့် Brahman နွားမျိုးများ မွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအနေဖြင့် တိရစ္ဆာန်ရောဂါများ မကျရောက်စေရေးနှင့် ကြီးထွားမှုနှုန်းများ ကောင်းမွန်စေရေး သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ကြရန်၊ မြေလွတ်မြေလပ်မထားရှိဘဲ အပြည့်အဝ အသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ ရရှိသည့်အကျိုးအမြတ်များကို အသင်းသားများထံ ပွင့်လင်းမြင်သာစွာ ခွဲဝေပေးရန်နှင့် အသင်းသားများကလည်း လုပ်ငန်းအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်နှင့် သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် အဆင့်မြင့်ဆီစက် တည်ဆောက်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ မိုးမကျမီFoundation ပြီးစီးရန်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်စပ် ဝန်ကြီးဌာနများသို့ တင်ပြခွင့်ပြုချက်ရယူရန်ရှိသည်များ ဆောင်ရွက်ရန်နှင့် ကုန်ကြမ်းရရှိရေး ကြိုတင် ချိတ်ဆက်ဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment