Friday, May 24, 2024

သတိပြုကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျှော့ချ

 


ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကြုံတွေ့နေကြရကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။ မိမိတို့နိုင်ငံတွင်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း မြို့ပေါင်းများစွာတို့တွင် နွေရာသီအပူချိန်မြင့်မားသည့်ဒဏ်ကို ခံစားခဲ့ကြရပြီး လတ်တလောတွင်မူ မိုးကြီးမည့်သတိပေးချက်ကို မိုး/ဇလက ထုတ်ပြန်ထားပြီဖြစ်သည်။

နွေရာသီတွင် နေ့အပူချိန်မြင့်မားခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ အပူပျံတက်မိုးတိမ်များမှ မိုးကြိုးပစ်ခြင်း စသည့်သဘာဝ ဘေးအန္တရာယ်များ၊ ယခုကဲ့သို့ မိုးကြိုကာလတွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေဝင်ရောက်ခြင်း စသည်တို့ကြောင့် မိုးသက်လေပြင်းကျရောက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များမှာ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ကြရမည်ဖြစ်သလို အကြိမ်ရေပိုမိုများပြားလာခြင်းနှင့် ပိုမိုပြင်းထန်လာခြင်းတို့ ကဲ့သို့သော အခြေအနေမျိုးများပါ ဖြစ်ပေါ်လာနိုင်သည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများသည် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်ကို သတိမူကာ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်၊ ကြိုတင်ရှောင်တိမ်းနိုင်ရန် စီမံဆောင်ရွက်မှုများ ပြုလုပ်ထားခြင်းဖြင့် မိမိတို့အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ကိုလျှော့ချနိုင်သည်။

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေပြီး စားနပ်ရိက္ခာထုတ်လုပ်မှုကို လျော့နည်းကျဆင်းစေသည်။ သီးနှံဖျက်ပိုးမွှားများ ပေါက်ပွားနှုန်းကို မြင့်မားစေခြင်း၊ ဂေဟစနစ်များ ယိုယွင်းပျက်စီးစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း၊ သားငှက်တိရစ္ဆာန်မျိုးစိတ်များ နေရာဒေသရွှေ့ပြောင်းသွားစေခြင်းနှင့် အချို့မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ဖြစ်ပေါ်လာခြင်း၊ ပင်လယ်နှင့်သမုဒ္ဒရာများတွင်လည်း ဂေဟစနစ်ပျက်ယွင်းစေသလို အဏ္ဏဝါသက်ရှိဇီဝများ ပျက်စီးသေဆုံးမှုဖြစ်ပေါ်ခြင်း၊ သဘာဝသစ်တောများနှင့် သီးနှံစိုက်ခင်းများကို ဖျက်ဆီးသည့်ပိုးမွှားများ ကျရောက်ရာဒေသများ ကျယ်ပြန့်လာခြင်း စသည်တို့အပါအဝင် လူနှင့်သက်ရှိသတ္တဝါများ ရှင်သန်တည်တံ့ရေးအပေါ် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများက ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များနှင့်စပ်လျဉ်း၍ သိပ္ပံပညာရှင်များက ခန့်မှန်းချက်များထုတ်ပြန်ရာတွင် အိန္ဒိယသမုဒ္ဒရာတွင်ဖြစ်ပေါ်သော မုတ်သုံလေသည် ပို၍အားပြင်းခြင်း သို့မဟုတ် အားပျော့ခြင်းတို့ဖြစ်ပေါ်လာပြီး အကျိုးဆက်အဖြစ် အရှေ့တောင်အာရှ အချို့ဒေသများတွင် ရေကြီးရေလျှံပြီး အချို့ဒေသများတွင် မိုးခေါင်ခြောက်သွေ့ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းချက်တစ်ရပ်လည်းပါဝင်ရာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အလားအလာမြင့်မားသည့် မိမိတို့နိုင်ငံအနေဖြင့် သတိပြုဖွယ်ဖြစ်သည်။

တစ်နှစ်ပတ်လုံး ဖြစ်ပေါ်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ဘေးအန္တရာယ်ကင်းရှင်းစွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် လူတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟု သုတများ ပြည့်စုံကြရန်နှင့် ရာသီချိန်ခါမရွေး သတိရှိကြရန်လိုသည်။ အန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ အန္တရာယ်ကျရောက်လာချိန်တွင် နည်းလမ်းကျနမှန်ကန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်းတို့က ဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်သည်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မကြာမီဖြစ်ပေါ်လာဖွယ်ရှိသည့် ရာသီဥတုအခြေအနေနှင့် သဘာဝဘေးအန္တရာယ်တို့ကို ကြိုတင်ထုတ်ပြန်ပေးလျက်ရှိ သည်ကိုသတိပြုကာ မိမိတို့ နေထိုင်ရာဒေသတွင် ဖြစ်ပေါ်နိုင် သည့် သဘာဝဘေးအန္တရာယ်တို့မှ လွတ်ကင်းအောင် သတိ ဝီရိယ ဉာဏ်ပညာတို့ဖြင့် ကာကွယ်ရှောင်ရှားကြရပါမည့် အကြောင်း။ ။

No comments:

Post a Comment