Friday, May 24, 2024

အမျိုးသားရေးလုပ်ငန်းအောင်မြင်ရေး ပါဝင်ကူညီ

 


မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခဲ့ပြီး ၁၀ နှစ်ပြည့်မြောက်သည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူတော့မည် ဖြစ်သည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် အမျိုးသားရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ သန်းနှင့်ချီသော အိမ်ထောင်စုများ၏ အချက်အလက်များကို ကောက်ယူဆန်းစစ်လေ့လာပြီး ကဏ္ဍအလိုက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းကောက်ယူခဲ့သည့် အချက်အလက်များစွာအနက်မှ တိကျမှန်ကန်သော ရလဒ်များရရှိစေရန် အဆင့်ဆင့်ဆောင်ရွက်ပြီး စာရင်းကောက်ယူခြင်း၊ ပြင်ဆင်ခြင်း၊ ပုံရိပ်ဖတ်ခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာရေးသားခြင်း စသည့်အဆင့်တိုင်းတွင် အဆင့်မြင့်နည်းပညာနှင့် အရည်အသွေးစစ်ဆေးမှုများ ပြုလုပ်ရပါသည်။ အမှားကင်းစင်ပြီး ပြီးပြည့်စုံသော သန်းခေါင်စာရင်းမရှိသော်လည်း အရည်အသွေးထိန်းသိမ်းထားခြင်း၊ အမှားအနည်းဆုံးဖြစ်စေရန် စီစဉ်ထားခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများမှ ယုံကြည်စိတ်ချရသော ရလဒ်ကောင်းများကို ပေးစွမ်းနိုင်ခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံအတွက် ပြည်သူအားလုံး၏လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန် စေရန်အတွက် ဖွံ့ဖြိုးရေးမူဝါဒများနှင့် စီမံချက်များရေးဆွဲရာတွင် တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရသော လူဦးရေနှင့်အိမ်ထောင်စု ကိန်းဂဏန်းအချက်အလက်များ မရှိမဖြစ်လိုအပ်ပါသည်။ အဆိုပါအချက်အလက်များကို သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိနိုင်သဖြင့် မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် ကိုလိုနီလက်ထက်မှစ၍ ၁၀ နှစ်လျှင် တစ်ကြိမ် (အကြောင်းကြောင်းကြောင့် မကောက်ဖြစ်ခဲ့သည့်ကာလမှလွဲ၍) ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးကို မပျက်မကွက် ဆောင်ရွက်ခဲ့ကြပါသည်။

၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် စာရင်းကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်းရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်မှ စတင်မည်ဖြစ်ပါသည်။ အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူမည်ဖြစ်သည်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက် တိုင်းထွာဆောင်ရွက်သွားမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်း ယူနစ်ရှစ်သောင်းခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း တစ်သိန်းကျော်ရှိသည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက်သွားရန်လျာထား စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နမူနာအားဖြင့် ရှမ်းပြည်နယ်တွင် သန်းခေါင်စာရင်း ယူနစ် ၁၈၀၀ ခန့်ကို ကောက်ကွက်ပေါင်း ၁၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၅၀၀၀ ဖြင့် ကောက်ယူရန်လျာထားသည်။ ပြည်နယ်များတွင် နေရပ်စွန့်ခွာသူပြည်သူများရှိသဖြင့် ၎င်းတို့အတွက်လည်း လူဦးရေနှင့်အိမ်ထောင်စုစာရင်းကောက်ယူရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးအခြေအနေမှလွဲ၍ လမ်းခရီးအခက်အခဲကြောင့် သတ်မှတ်ရက်အတွင်း စာရင်းကောက်ယူရန် ကျန်ရှိပါက ရက်ထပ်မံတိုးမြှင့်၍ စာရင်းကောက်ယူနိုင်ရေးကို ကြိုတင်စီစဉ်ဆောင်ရွက်သွား ရန်လိုအပ်မည်ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအပါအဝင် နေရာဒေသအားလုံး စာရင်းကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရာ၌ ပြည်သူများအနေဖြင့် အမြင်ရှင်းရှင်းဖြင့် တိုင်းပြည်အကျိုးအတွက်ဖြစ်သည်ကို နားလည်သဘောပေါက်အောင် စည်းရုံးအသိပညာပေးပြီး သက်ဆိုင်ရာစာရင်းကောက်ယူရေးအဖွဲ့များ မေးမြန်းသော မေးခွန်းများ၊ ပုံစံများကို ပြည့်စုံစွာ ဖြည့်သွင်းဖြေကြားပေးရန်လိုအပ်သည်။ ပြည်သူလူထုအားလုံးနှင့်သက်ဆိုင်သည့် ကိန်းဂဏန်းအချက်အလက်များကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးနိုင်မှ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ရှိသည့် တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရန်နှင့် လိုအပ်သောမူဝါဒများ၊ စီမံကိန်းများ၊ မဟာဗျူဟာများနှင့် နည်းဗျူဟာများ ရေးဆွဲချမှတ်နိုင်ရေးဖြစ်ရာ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment