Sunday, May 26, 2024

(၁၉) ကြိမ်မြောက် လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင် အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ


ရန်ကုန် မေ ၂၅

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် (၁၉) ကြိမ်မြောက် လက်မှတ်ရပြည်သူ့ စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရှိအဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းနဝဒေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစာရင်းကောင်စီဝင်များ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ၊ နာယကနှင့် အလုပ်အမှုဆောင်များ၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် အောင်လက်မှတ်လက်ခံယူကြမည့် သင်တန်းသားများတက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးအတွက် ၁၉၇၂ ခုနှစ်မှစ၍ အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ၊ စာရင်းပညာကျွမ်းကျင်သူများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိရာ ယနေ့အောင်လက်မှတ် ရရှိသူများအပါအဝင် လက်မှတ်ရပြည်သူ့စာရင်းကိုင် အောင်လက်မှတ်ရရှိသူ ၂၇၄၁ ဦးနှင့် ဒီပလိုမစာရင်းကိုင်အောင်လက်မှတ်ရရှိ သူ ၄၇၉၃ ဦး ရှိပြီဖြစ်ကြောင်း၊ အောင်လက်မှတ် ရရှိပြီးသူများ အနေဖြင့် မိမိတို့၏အရည်အချင်းကို တိုးတက်အောင် ဘက်စုံ၊ ‌ထောင့်စုံမှကြိုးစားကြစေလိုကြောင်း၊ စာရင်းလုပ်ငန်းနှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာမှတ်သား၍ မိမိတို့၏လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်း၊ ချမှတ်ထားသည့် စာရင်းပညာရပ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းခြင်းတို့ဖြင့် စာရင်းပညာရှင် လူတော်လူကောင်းများဖြစ်စေရေး ကျင့်ကြံနေထိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့်လည်း မိမိတို့ တတ်ကျွမ်းခဲ့သည့် စာရင်းပညာရပ်များကို အရည်အချင်းပြည့်ဝစွာ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် နိုင်ငံ့သားကောင်း များဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသားများနှင့် ဒီပလိုမာစာရင်းကိုင် သင်တန်းသားများကို ထူးချွန်ဆုနှင့်အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဒုတိယစာရင်းစစ်ချုပ်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမြပန်းအိုင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ဌာနခွဲများ၊ စာကြည့်တိုက်နှင့်ဝန်ထမ်းအိမ်ရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment