Sunday, May 26, 2024

ဉာဏ်ပညာဖြင့်ခွဲခြားရှုမြင် တိုးတက်ရေးကြိုးပမ်း


 

လောကုတ္တရာနယ်ပယ်တွင် ပညာသည် အမြင့်ဆုံးဖြစ်သည်။ လောကီနယ်ပယ်တွင်လည်း ပညာသည်သာအမြင့်ဆုံးဖြစ်သည်။ ပညာသည် အရာရာကို ဦးစီးဦးဆောင်ပဲ့ကိုင်ရှင်ဖြစ်သည်။ ပညာဟူသည် သင်ယူလေ့လာဆည်းပူးရာမှရရှိလာသည့် အသိကိုအခြေခံလျက် ပိုမိုကောင်းမွန်သည့် စဉ်းစားဆင်ခြင် တွေးတောကြံဆလုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းရည်ကိုဆိုလိုသည်။ တစ်နည်းဆိုလျှင် ပညာကိုအခြေခံသည့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားမှုကိုဆိုလိုသည်။

လူဟူ၍ဖြစ်လာသည်နှင့် မွေးဖွားပြီးသည်မှ အသက်အရွယ်ရလာသည့် တိုင်အောင်ပညာကို လေ့လာဆည်းပူးနေကြသည်။ ငယ်စဉ်အခါပညာရှာဆိုသည့်အတိုင်း ကျောင်းတက်ပညာသင်သည့်အလုပ်ကို အားလုံးမဖြစ်မနေ လုပ်ကိုင်ကြရသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း ပညာသင်ကြားရေးအလုပ်ကို ကြိုးစားလုပ်ကိုင်ကြရသည်။ နိုင်ငံတိုင်းနိုင်ငံတိုင်းကလည်း ပညာရေးကို မြှင့်တင်အားပေးနေကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပညာတတ်များပေါများပြီး စာဖတ်သူလည်းများပြားသည်။ အသိဉာဏ်ဗဟုသုတ ဆင်ခြင်တုံတရားမြင့်မားသော နိုင်ငံသားများများပြားသောကြောင့် တိုးတက်သောနိုင်ငံဖြစ်လာသည်။ မဖွံ့ဖြိုးသေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာတတ်နည်းပါးသောကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့တွင် နိမ့်ကျမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပညာတတ်နည်းပါးနေမှု၊ အသိပညာဆင်ခြင်တုံတရား အားနည်းမှုအကျိုးဆက်များကို ကြုံတွေ့နေရသည်။ ပညာကို ဆုံးခန်းတိုင်အောင် မသင်ယူကြတော့ဘဲ အကြောင်းအမျိုးမျိုးဖြင့် အဆုံးသတ်လိုက်သူများနေသည်။ ပညာမသင်တော့ဘဲ ဘဝရပ်တည်နိုင်သည်ဟူသော ခံယူချက်ထားရှိလျှင် မည်သည့်အခါတွင်မှ အမြင့်သို့မရောက်တော့ပေ။ မိမိ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအထက်တန်းသို့မရောက်နိုင်ဘဲ အောက်ကျနောက်ကျဘဝတွင်သာ ရပ်နေမည်ဖြစ်သည်။ မိမိဘဝပတ်ဝန်းကျင်၊ မိမိနိုင်ငံတစ်ခွင် တိုးတက်မြင့်မားစေလိုလျှင် ပညာကိုစဉ်ဆက်မပြတ် ပြီးဆုံးအောင်သင်ကြားပြီး အသိဉာဏ်ပညာ ဗဟုသုတမြင့်မားရေးကို အားလုံးကြိုးပမ်းအားထုတ်ကြဖို့ လိုမည်ဖြစ်သည်။

ထို့ကြောင့် ကျောင်းသားကျောင်းသူလေးများ စဉ်ဆက်မပြတ် ပညာသင်ကြားရေးနှင့် အသိဉာဏ်ဗဟုသုတမြင့်မားရေးအတွက် ကျောင်းနေရေးနှင့် စာအုပ်စာပေဖတ်ရှုလေ့လာရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်ကူညီဖြည့်ဆည်းပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် ပညာတတ်များ ပေါများမှသာလျှင် ဒေသအလိုက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသိပညာအားနည်းပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသတည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်နိုင်သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေသည်ကိုတွေ့ရမည်။

ပညာတတ်မှု၊ အသိဉာဏ်ပညာမြင့်မားမှု၊ ပိုင်းခြားဝေဖန်သုံးသပ်နိုင်မှု အထွေထွေအားနည်းမှုများကြောင့် ပြည်သူများအထူးသဖြင့် ကျေးလက်နေပြည်သူအချို့ အ‌ရောင်ဆိုးခြင်းခံခဲ့ရသည်။ နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားသိမြင်နိုင်စွမ်းမရှိဘဲ လမ်းမှားပေါ်သို့ရောက်ခဲ့ကြသည်။ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့်အလှမ်းဝေးခဲ့သည်။ နဂိုကတည်းက စဉ်ဆက်မပြတ် ပညာသင်ကြားမှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းနေသည့်အချိန်တွင် ဒေသတည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် ပညာဆက်လက်သင်ကြားရေး အခက်အခဲများစွာဖြစ်ရသည်။ ထို့ကြောင့် မိမိတို့ဒေသ အနာဂတ်ကောင်းမွန်ရေးအတွက် ပညာရေးကို အလေးပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှ ပညာရေးကောင်းမွန်မည်ဖြစ်ပြီး ပညာရေးကောင်းမွန်မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအကျိုးစီးပွားကို‌ ဦးစားပေးအလေးထား၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင်တည်းဆောင်ရွက်ပေးလျက်ရှိသည်။ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာတွင် အထိအခိုက်အနည်းဆုံးဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့လုံခြုံရေးစနစ်ဖြင့် စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကျောင်းပြီး အသိ၊ သတိတရားဖြင့် ထိန်းသိမ်းဆောင်ရွက်မှသာလျှင် ဒေသအလိုက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ပညာသင်ကြားရေးကို အား‌ပေးဆောင်ရွက်လျက်ရှိသလို ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်စီးပွားဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးကို အားပေးနေသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ပညာရေးအပါအဝင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက် ရေးကို လွှမ်းခြုံဆောင်ရွက်ပေးနေခြင်းသည် မြို့နယ်အလိုက် ဒေသအားလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိရင်သွေးငယ်များ အနာဂတ်ကောင်းမွန်ရေးအတွက် နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားရှုမြင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြပြီး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။          ။

No comments:

Post a Comment