ရန်ကုန် မေ ၂၀
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေဖြင့် ကြုံတွေ့နေရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်ကာ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့
ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့်
မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန်
မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့်ညှိနှိုင်း၍
နိုင်ငံတော်မှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ မေ
၁၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် Abu Dhabi မြို့သို့ လေကြောင်းခရီးစဉ်ဖြင့်
ထွက်ခွာခဲ့ပြီး ထိုမှတစ်ဆင့် ဘန်ကောက်မှတစ်ဆင့် ရန်ကုန်မြို့သို့ မေ ၁၉ ရက်နံနက်
၁၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ
မအိသက်ဖြူသည် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့ရှိ အလုပ်ရှင်နေအိမ်တွင် နှစ်လကျော်
အလုပ်လုပ်ကိုင်ခဲ့ရာ အလုပ်ပင်ပန်းခြင်း၊ အစားအသောက် အဆင်မပြေခြင်း၊ လစာမရခြင်းတို့ကြောင့်
အိမ်ရှင်နှင့်အဆင်မပြေဖြစ်၍ ဆက်လက်လုပ်ကိုင်လိုခြင်းမရှိခြင်းကြောင့် ထွက်ပြေးခဲ့ရာမှ
ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိခဲ့ပြီး မြန်မာသံရုံးမှ သွားရောက်တွေ့ဆုံ၍
နှစ်သိမ့်အားပေးစကားပြောကြားကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး အမိနိုင်ငံသို့
အမြန်ဆုံးအဆင်ပြေချောမွေ့စွာ ပြန်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မေ ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်း
ဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံ
ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့် မအိသက်ဖြူသည် ရန်ကုန်မြို့သို့
မေ ၁၉ ရက် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး မိဘဆွေမျိုးများနှင့်
ပြန်လည်တွေ့ဆုံခဲ့သည်။ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ပြည်ပ၌
အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ
ကူညီညှိနှိုင်းဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပြီး ယခုလို
အမိနိုင်ငံသူတစ်ဦး အတိဒုက္ခကြုံတွေ့နေစဉ် ကူညီကယ်တင်ပေးမှုကို အလုပ်သမားနှင့်
မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့ကို လှိုက်လှိုက်လှဲလှဲ
အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ
(သတင်းစဉ်)
No comments:
Post a Comment