Saturday, May 25, 2024

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ သိမ်းဆည်းရမိ



နေပြည်တော် မေ ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးတို့ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ပဲပိစပ်ပရိုတင်း ၂၀ ကီလိုဂရမ်ပါ အိတ် ၃၅၀ ၊ တရုတ်နိုင်ငံထုတ် IT တံဆိပ် ခရီးဆောင်အိတ်အလုံး ၃၉၀ ၊ Rechargeable Lithium-ion Battery အလုံး ၃၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၂၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ၊ စက်မှုဇုန်ထုတ် I-Zone Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၆၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၂၈၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၄၇၆ တန်၊ အခြားသစ် သုည ဒသမ ၃၃၃ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၇၇၇ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းအရေးယူ

အလားတူ မေ ၂၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ် ခိုကျွန်း၌ တရားမဝင် ရှပ်ဆွဲလှေ နှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀) ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Click 125 ဆိုင်ကယ်တစ်စီးနှင့် Smash 125 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၀၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေး‌ရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၅၇၆၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၈၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 ဆက်လက်၍ မေ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ်၌ လိုင်စင်မဲ့ FLUMO D/T ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၂၇၃၈၂၀၇၇၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment