Saturday, May 25, 2024

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ



နေပြည်တော် မေ ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ လိုအပ်သော အခြေခံအဓိကဆေးနှင့် ဆေးပစ္စည်းများကို ပြတ်လပ်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများအတွက် ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် အရန်စုဆောင်းထားရှိခြင်း (Stock Piling) တို့ကို ဆောင်ရွက်ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေရေး စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးအတွက် ပြည်သူလူထုမှ စိုက်ထုတ်ကုန်ကျစရိတ် အတတ်နိုင်ဆုံးနည်းပါးအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းအောက်ရှိ စက်ရုံများမှ အဓိကထား၍ ဝယ်ယူလျက်ရှိပြီး ပြည်တွင်းထုတ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံများမှလည်း ဝယ်ယူလျက်ရှိပါကြောင်း၊ ပြည်တွင်းဆေးဝါးထုတ်လုပ်သော စက်ရုံများမှလည်း ဆေးဝါးအမျိုးအမည် စုံလင်စွာထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပြည်တွင်း၌ ဆေးဝါး ထုတ်လုပ်မှုများ တိုးတက်လာစေရေးအတွက် ဆေးဝါးကုန်ကြမ်းများကို အဓိကထားတင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊ အခြေခံ အဓိကဆေးဝါးများ၊ ပဋိဇီဝ ဆေးဝါးများ၊ အားဆေးများနှင့် အသုံးများသည့် ဆေးဝါးများကို ပြည်တွင်းတွင် အဓိကထား၍ လုံလောက်အောင် ထုတ်လုပ်ပေးစေလိုပါကြောင်း။

ပြည်တွင်း/ပြည်ပမှ မိတ်ဆွေ၊ မိတ်ဖက်အသစ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်းအားဖြင့် ဆေးဝါးထုတ်လုပ်မှု အရည်အသွေးတိုးတက်လာခြင်းနှင့် နည်းပညာသစ်များကို ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်စေကြောင်း၊ ပြည်တွင်းပုဂ္ဂလိကဆေးရုံများတွင်လည်း ပြည်တွင်းထုတ်ဆေးဝါးများ သုံးစွဲမှုများစေရန် အားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံ/ ဌာနများမှ အခြေခံဆေးဝါးလိုအပ်ချက်များကို ပြည်တွင်းထုတ်စက်ရုံများမှ သိရှိနိုင်ရေးအတွက် သတင်းအချက်အလက်များ မျှဝေပေးသွားမည်ဖြစ် ကြောင်း၊ ဆေးဝါးဈေးကွက်ဈေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများက ဆေးဝါးထုတ်လုပ်နေမှုနှင့် ဆေးဝါးစျေးနှုန်းတည်ငြိမ်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်ဆေးဝါး များ၏ အရည်အသွေးတိုးတက်မှုကို ဦးစားပေး ဆောင်ရွက်ခြင်း၊ နည်းပညာမျှဝေခြင်းတို့ကို ဆောင်ရွက်နေပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌သာ အဓိကထုတ်လုပ်သည့်အတွက် ဆေးဝါးစျေးနှုန်းများကို လျှော့ချနိုင်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း ဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment