Friday, May 24, 2024

ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ဆရာ ဆရာမ၊ ကျောင်းသားမိဘနှင့် ကျောင်းသား ကျောင်းသူတို့၏ ကျောင်းအပ်နှံမှု စတင်သောနေ့၏ ရင်တွင်းစကားသံများ

 

တွေ့ဆုံမေးမြန်း - ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ကနူး

နိုင်ငံတစ်ဝန်း မိုးရိပ်မိုးဖွဲတို့ကြောင့် အအေးဓာတ်များ လွှမ်းခြုံလာမှုဖြင့် အပူလှိုင်းများ တစ်စထက်တစ်စ လျော့ပါးလာကာ သွားလာနေထိုင်မှု စတင်အဆင်ပြေလာလျက်ရှိ သည်။ မိုးရိပ်မိုးငွေ့နှင့်အတူ ကျောင်းဖွင့်ရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းဖွင့်ချိန်ကို စောင့်မျှော်နေကြသည့် ကျောင်းသား ကျောင်းသူတို့ မိခင်ကျောင်းတော်ကြီးအတွင်း ဆက်လက်ပညာသင်ကြားနိုင်ရေး စတင်သက်ဝင် စည်ကားနေသည့် နေ့တစ်နေ့လည်းဖြစ်သည်။







ယနေ့မှစ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာဦးစီးဌာန ကျောင်းများ၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် မိဘများက သားသမီးများကို ကျောင်းအပ်နှံကြစဉ် ပြုံးပန်းဝေဆာစွာ လက်ခံကြိုဆိုနေကြသည့် ဆရာ ဆရာမများ၊ မိမိတို့ သားသမီးများ အနာဂတ် ထွန်းလင်းတောက်ပရန် မျှော်မှန်းချက်ဖြင့် ကျောင်းအပ်နှံနေကြသည့် မိဘဆွေမျိုးများနှင့် ကျောင်းဖွင့်ချိန်တွင် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရတော့မည့် ပျော်ရွှင်ဖွယ်အချိန်ကို တမ်းတနေကြသည့် ကျောင်းသား ကျောင်းသူတို့၏ ရင်တွင်းစကားသံ တို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာချိုချိုမြတ်အောင်

(ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး)

ကျောင်းအပ်နှံရေးသီတင်းပတ်က မေ ၂၃ ရက်ကနေ ဇွန် ၂ ရက် အထိ သတ်မှတ်ထားပြီးတော့ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ်က “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် ၁၄ ခုမှာ မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပါတယ်။ မူလတန်း ကျောင်းပေါင်း ၁၆၈၀၊ အလယ်တန်း ကျောင်းပေါင်း ၆၆၅ ကျောင်းနဲ့ အထက်တန်းကျောင်း ၄၀၉ ကျောင်း စုစုပေါင်း ၂၇၅၄ ကျောင်းမှာ ကျောင်းအပ်နှံရေးကို တစ်ပြိုင်တည်း ဆောင်ရွက်နေသလို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ အခြေခံပညာ သင်ရိုးညွှန်းတမ်းနဲ့သင်တဲ့ ကိုယ်ပိုင် ကျောင်းတွေမှာလည်း ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

နိုင်ငံတော်က အခမဲ့ပေးဝေတဲ့ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတို့ကို ကလေးတွေအားလုံး ကျောင်းအပ်နှံတာနဲ့ တစ်ပြိုက်နက် ရရှိအောင် တစ်ပြေးညီပေးပို့ထားပြီး အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ကျောင်းကို ရောက်ပြီးပညာသင်ကြားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရဲ့တန်ဖိုးဟာ နိုင်ငံသားကောင်း တစ်ယောက်ဖြစ်ဖို့အတွက် အဓိကကျနေလို့ပါ။ ဆရာ ဆရာမနဲ့ မိဘများရဲ့ ထိန်းကျောင်းသွန်သင်ဆုံးမမှု အောက်မှာ သူတို့ဘဝလမ်းကြောင်း ဖြောင့်တန်းဖို့အတွက် ဆောင်ရွက်နိုင်မယ်ဆိုရင် မျှော်မှန်းထားတဲ့ အနာဂတ် နိုင်ငံတော်အတွက်လည်း ကောင်းမွန်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

ကျောင်းအပ်နှံရေး ကာလပြီးတာနဲ့ ဇွန် ၃ ရက်မှာ ကျောင်းဖွင့်လှစ်ပြီး စာသင်ကြားနိုင်ဖို့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန် မှုနဲ့အညီ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ကျောင်းအားလုံး ပတ်ဝန်းကျင်နဲ့ ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်း ရေး၊ စာသင်ခန်းအလင်းဖွင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ စာသင်ခန်း/စာသင်ခုံများ သန့်ရှင်းသပ်ရပ် နေအောင်ဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းစဉ်များမှာ တတ်နိုင်သမျှ ပြည့်စုံအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ထား ကြပါတယ်။ အခြေခံပညာ ကျောင်းအားလုံးဟာ ပညာရေးဥပဒေအရ မသင်မနေရ အခမဲ့ပညာရေးစနစ်ဖြစ်ပါတယ်။ အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်နေတာဖြစ်တဲ့အတွက် အခမဲ့ကျောင်းသုံးပစ္စည်းတွေ ရရှိတဲ့အပြင် ကျောင်းထောက်ပံ့ကြေးနဲ့ ပညာသင်ထောက်ပံ့ကြေးလည်း သတ်မှတ်စံနှုန်းနဲ့အညီ ပေးနေပါတယ်။ ကျောင်းအပ်နှံရာမှာ အခမဲ့ဖြစ်တဲ့အတွက် အခကြေးငွေ ပေးဖို့မလိုပါဘူး။ တကယ်လို့ မလိုလားအပ်တဲ့ ကိစ္စရပ်များ ကြုံတွေ့ခဲ့ရရင် တိုင်ကြားဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်များနဲ့ မြို့နယ်/ခရိုင်/တိုင်းဒေသကြီး ပညာရေးမှူးရုံးများကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။

ဒေါက်တာကေသွယ်ဦး

(ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်းအုပ်)

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းအပ်နှံရေးရက်သတ္တပတ် ဖြစ်တဲ့ မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံမှုကို လက်ခံပေးသွားမှာဖြစ်ပြီး ဇွန် ၃ ရက်မှာ ကျောင်းစတင်ဖွင့်လှစ် သင်ကြားပေးသွားမှာပါ။ ကျွန်မတို့ကျောင်းမှာ မနှစ်ကကျောင်းသား ၃၅၂၂ ဦး အတန်းတက်ခွင့်ရထားပြီးတော့ ဒီနှစ် KG တန်းကနေ Grade-12 အထိ ကျောင်းသား ၄၀၀၀ ခန့် မျှော်လင့်ထားပါတယ်။ မနှစ်ကစာသင်ခန်း ၉၀ ရှိပြီးတော့ ဒီနှစ်မှာ အခန်းခြောက်ခန်းတိုးထား ပါတယ်။ သုံးထပ်ကျောင်းဆောင်နဲ့ ငါးထပ်ကျောင်းဆောင်ရှိပြီးတော့ စာသင်ခန်းပေါင်း ၁၂၈ ခန်း၊ အထက်တန်းပြ ဆရာ ဆရာမ ၂၈ ဦး၊ အလယ်တန်းပြ ၃၇ ဦး၊ မူလတန်းပြ ၄၈ ဦး နဲ့ ဝန်ထမ်း ၁၀ ဦး ရှိပါတယ်။

ကျောင်းသား ကျောင်းသူအားလုံး ဘာသာရပ်အလိုက် ပုံနှိပ်စာအုပ်အပြည့်အစုံရရှိထားပြီး KG အတန်းကလွဲရင် ကျန်တဲ့အတန်းများအတွက် ဗလာစာအုပ် ၁၀ အုပ်စီနဲ့ ခဲတံ၊ ဘောပင်၊ ကျောင်း ဝတ်စုံလည်းရပါတယ်။ ယနေ့ကျောင်းအပ်နှံတာနဲ့ အခမဲ့ပညာ ရေးဆောင်ပုဒ်နဲ့အညီ အကုန်လုံး ပေးသွားမှာပါ။ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်းမှာ ကျောင်းအပ်နှံဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာဇင်မာဝင်း

အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်း၊ ကျောင်းအုပ်

ဗိုလ်တထောင်မြို့နယ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက်ဆိုရင် ကျောင်းမဖွင့်မီ ကာလကတည်းက ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာသင်ခုံ၊ စာရေးခုံများ သန့်ရှင်းရေးအတွက် ကျောင်းက တာဝန်ရှိသူတွေရယ်၊ ဌာနဆိုင်ရာတွေရယ် ပူးပေါင်းပြီးကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ယူ နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိပါတယ်။

နိုင်ငံတော်က အခမဲ့ပညာရေး စနစ်အနေနဲ့ အထက်တန်း ကျောင်းသားတွေအတွက်ဆိုရင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ် တစ်ဒါဇင်၊ ဘောပင် လေးချောင်း၊ အလယ်တန်း ကျောင်းသားတွေအတွက်ဆိုရင်လည်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်နှစ်ချောင်း၊ ခဲတံနှစ်ချောင်း၊ မူလတန်းကျောင်းသား ကျောင်းသူတွေအတွက်ဆိုရင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံအပြင် ကျောင်းဝတ်စုံပါ ပါရှိပါတယ်။

နိုင်ငံတော်က အခမဲ့ပေးတဲ့ ကျောင်းသုံးပစ္စည်းတွေကို ကျောင်းအပ်တဲ့ကာလမှာ အချိန်မီ ရရှိအောင် ဖြန့်ဝေပေးပါတယ်။ အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ကျောင်းနေရွယ် ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်မတို့ အထက(၅) ဗိုလ်တထောင် သတ်မှတ်ဧရိယာအတွင်းမှာရှိတဲ့ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းတက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျောင်းအပ်နှံတဲ့အခါ ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ မူအတိုင်း ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေး နေပါတယ်။ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းပညာသင်ယူဖို့ အရေးကြီးပါတယ်။ ပညာသင်ယူနိုင်မှသာ အမှားအမှန်၊ အဆိုးအကောင်းကို စဉ်းစားဆင်ခြင်နိုင်မှာ ဖြစ်တာကြောင့် ကလေးအားလုံး ကျောင်းကို ရောက်စေချင်ပါတယ်။ သူတို့ရဲ့ဘဝတွေနဲ့ အနာဂတ်တွေ တောက်ပဖို့အတွက် သူတို့ရဲ့ အချိန်တွေကို ဆရာဆရာမတွေရဲ့ သင်ကြားမှုတွေ၊ ပညာသင်ယူနိုင်မယ့် အခွင့် အလမ်းတွေနဲ့ ထိတွေ့ပြီး ကုန်ဆုံး စေချင်ပါတယ်။ ကျောင်းနေအရွယ် ရှိတဲ့ ကလေးအားလုံး ကျောင်းကို ရောက်ပြီး ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းကို ယူကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

ဒေါ်တင်တင်စု

(ကမာရွတ် TTC ကျောင်းသားမိဘ)

ကျောင်းတွေစတင်လက်ခံတဲ့ နေ့မှာသမီးကို ကျောင်းလာအပ်တာပါ။ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် အခမဲ့စုံလင်စွာရရှိပါတယ်။ ကျောင်းအပ်နှံနိုင်ဖို့ နိုင်ငံတော်က စီမံဆောင်ရွက်ပေးမှုကို အထူးကျေးဇူးတင်ပါတယ်။ မိခင်တစ်ဦးအနေနဲ့ ဝမ်းသာမိပါတယ်။ ကလေးတစ်ယောက်ရဲ့ ကုန်ကျစရိတ် သက်သာအောင် စီမံဆောင်ရွက်ပေးမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ စနစ်သစ်မှာသားက Grade -12 ကို သင်ကြားခဲ့ရပြီး သမီးကလည်း Grade – 10 ရောက်နေပြီဆိုတော့ အခြေခံကောင်းတွေ ရသွားတာကြောင့် မိဘတစ်ဦးအနေနဲ့ ပံ့ပိုးဆောင်ရွက် ပေးသွားရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပညာရေးနဲ့ပတ်သက်ရင် အစိုးရအခြေခံပညာကျောင်းဟာ အကောင်းဆုံးပါပဲ။ ငွေကြေးသက်သာပြီး သင်ကြားမှုကောင်းမွန်တဲ့ ကျောင်းဖြစ်တာကြောင့် ကျောင်းသားမိဘများကို ကျောင်းအပ်နှံရေး ကာလအတွင်းမှာ အမြန်ကျောင်းအပ်နှံကြဖို့လည်း တိုက်တွန်းလိုပါတယ်။

မဆောင်းသဇင်မြင့်

ဆဋ္ဌမတန်း(Grade-6)

အထက(၅)ဗိုလ်တထောင်

ဒီနေ့ကျောင်းလာအပ်တာပါ။ စာသင်ရတော့မယ်၊ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့ အသိကရင်ထဲမှာ ပီတိခံစားရပါတယ်။ ကျောင်းလာအပ်တာ အစစ အရာရာ အဆင်ပြေပါတယ်။ ဘောပင်၊ ဗလာစာအုပ်၊ ဖတ်စာအုပ်အခမဲ့ရပါတယ်။ သမီးက သူငယ်တန်းကတည်းက ဒီကျောင်းမှာ တက်တာပါ။ ကျောင်းဖွင့်တော့မှာမို့ သူငယ်ချင်း တွေနဲ့ အတူတူစာသင်ရမယ် ဆိုတော့ပျော်ပါတယ်။ သမီးရဲ့ရည်မှန်းချက်ကတော့ လေယာဉ် မောင်းမယ်၊ သမီးက ငယ်ငယ်ကတည်းကစာကို ကြိုးစားသင်ယူပြီး ပညာတတ်ကြီးဖြစ်အောင် ဆက်ပြီးကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

No comments:

Post a Comment