နိုင်ငံတည်ဆောက်ရေးတွင် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်တို့ထက် လူသားအရင်းအမြစ်က အခြေခံအကျဆုံး နှင့်အရေးကြီးဆုံးဖြစ်သည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူများနှင့် ထိုလူများ၏အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်ဓာတ်ရေးရာအခြေအနေများ၊ သဘောထားအယူအဆများ အားလုံးလွှမ်းခြုံပါဝင် သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ် လုပ်နိုင်သောလူဦးရေ အချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ ထိုကဲ့သို့များပြားနေခြင်းသည် “လူဦးရေဆိုင်ရာဆုလာဘ်” ကို ရရှိနေခြင်းပင်ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကျိုးရှိရှိအသုံးချနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း လူဦးရေပညာရှင်များက မိန့်ဆိုထားသည်။
သန်းခေါင်စာရင်းကောက်ယူမှု ၁၀ နှစ်တာကာလသို့
ရောက်ရှိခဲ့ပြီဖြစ်သည့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် တစ်နည်းအားဖြင့်
လူဦးရေဆိုင်ရာဆုလာဘ်ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက်၊ အကျိုးရှိစွာ
အသုံးချနိုင်မှု ရှိ မရှိ ပြန်လည်ဆန်းစစ်ရတော့မည်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ လူဦးရေ
၇၀ ရာခိုင်နှုန်းခန့် ပါဝင်ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ နိုင်ငံ့စီးပွားရေး၏
ရာခိုင်နှုန်း ၉၀ ကျော်ပါဝင်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများတွင်
လုပ်သားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိရာ မြန်မာလူငယ်လူရွယ်များသည် ထိုင်း၊ တရုတ်၊
လာအို စသည့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားအရှေ့တောင်အာရှ နိုင်ငံများ၊ ကိုရီးယား၊
ဂျပန်နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအထိ သွားရောက်၍ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်
သွားရောက်လုပ်ကိုင်နေခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။
ပြည်တွင်းရှိ လယ်ယာလုပ်ငန်းများတွင် ပင်ပန်းစွာလုပ်ကိုင်
ရသော်လည်း သီးနှံဈေးနှုန်းအာမခံချက်မရှိခြင်း၊ လယ်ယာလုပ်သားများ၏ လုပ်ခနည်းပါးခြင်း၊
ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းများတွင် ရရှိသည့်လုပ်ခလစာထက် အိမ်နီးချင်းနိုင်ငံများတွင်
သွားရောက်လုပ်ကိုင်ပါကပိုရခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း စသည့်အခြေခံအကြောင်း
အမျိုးမျိုးတို့က မြန်မာလူငယ်လူရွယ်များကို ရွှေ့ပြောင်းအလုပ် သမားများအဖြစ်သို့ ရောက်ရှိသွားစေသည်။
တစ်ဖက်တွင်လည်း အကျိုးအမြတ်ရှာဖွေနေသည့် တရားဝင်ရော တရားမဝင်ပါ ပြည်ပအလုပ်အကိုင်ရှာဖွေရေး
အကျိုးဆောင်အေဂျင်စီများ၊ ပွဲစားများက ကျေးရွာများအရောက်ဆင်းကာ နည်းမျိုးစုံဖြင့် စည်းရုံးကြခြင်းအားဖြင့်
အိမ်ပေါင်၊ ယာပေါင်၊ ကျွဲရောင်း၊ နွားရောင်း အရင်းအနှီးရှာ၍ လူငယ်တို့ ပြည်ပထွက်ကြရာမှ
ပြည်တွင်း၌ လုပ်သားရှားပါးမှုတို့ဖြစ်ပေါ်လာသည်။ အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သည်နှင့်
ကျောင်းပညာကို ရောက်သည့်နေရာတွင် ရပ်ထားလိုက်ကာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ခံယူကြခြင်းကြောင့်လည်း
ပညာရေးအဟောသိကံ ဖြစ်ရပြီး နိုင်ငံအတွက်လည်း နစ်နာရသည်။
နောက်ဆုံးပေါ်အကြောင်းပြချက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို
ရှောင်ရှားလိုကြခြင်းဖြစ်ပြီး ပြည်တွင်းစက်မှုဇုန်များတွင် အလုပ်လုပ်ကိုင်နေကြသည့်
လူငယ်များပါ လက်ရှိအလုပ်မှ ထွက်၍ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထွက်ခွာရန်
ကြိုးပမ်းမှုများရှိလာကြရာ မသမာသူများ၊ လူပွဲစားများက နောက်ကွယ်မှနေ၍ ဘေးတီးခြောက်လှန့်
လှုံ့ဆော်မှုများ ရှိနေသည်ဟု ယူဆရသည်။ တစ်ဖက်နိုင်ငံတွင် အဖမ်းအဆီးများ တင်းတင်းကျပ်ကျပ်
လုပ်နေသည့်ကြားမှ တရားမဝင်နည်းလမ်းဖြင့်သွားရောက်ရန် ကြိုးပမ်းခြင်းက စစ်မှုထမ်းခြင်းထက်ပင်
ချက်ချင်းလက်ငင်း အန္တရာယ်ကြီးမားနိုင်သည်ကို သိနားလည်ထားကြရန်လိုသည်။
မိမိတို့နိုင်ငံသည် အမျိုးသားရေးရည်မှန်းချက်များအဖြစ်
ဆောင်ရွက်နေသည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတွင် လူသားအရင်းအမြစ်
တန်ဖိုးမြင့်မားရေးသည် အရေးကြီးသလို အလုံအလောက်ရှိရေးသည်လည်း အရေးကြီးသည့်အလျောက် နိုင်ငံ၏
လူဦးရေဆုလာဘ်သည် နိုင်ငံအတွက် ဖြစ်လာရစေရန် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ရေး
ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment