တည်ငြိမ်အေးချမ်းသောနိုင်ငံများတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှ ကုန်သွယ်စီးပွားလုပ်ငန်းများကို ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြည်သူများ၏ လူမှုဘဝမြင့်မားတိုးတက်လာမည်။ ထို့ကြောင့် တိုင်းပြည်မြို့ရွာ တည်ငြိမ်အေးချမ်းရေးကို အရေးအကြီးဆုံးလုပ်ငန်းစဉ်အဖြစ်ရှုမြင်ပြီး အားလုံးပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် အဖျက်သမားသောင်းကျန်းသူများက
နယ်စပ်မြို့ရွာ၊ အစွန်အဖျားဒေသအချို့တွင် ဝင်ရောက်တိုက်ခိုက် စိမ့်ဝင်နေထိုင်ခြင်း၊
မြို့ရွာများတွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းတို့ကို မကြာခဏပြုလုပ်လျက်ရှိရာ
တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဒေသခံပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူများ နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာတွင် တိမ်းရှောင်နေရပြီး
အလုပ်အကိုင်၊ စီးပွားရေး၊ လူမှုဘဝအခြေအနေများပျက်ပြားကာ သားသမီးများ၏ ပညာသင်ကြားရေးပါ
ဆုံးရှုံးနစ်နာမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ရှိ နယ်စပ်မြို့ရွာဒေသများတွင်
အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ပြည်သူများ လူမှုစီးပွားဘဝများ
ထိခိုက်နစ်နာရသည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများပါ
ထိခိုက်နစ်နာမှုများရှိခဲ့သည်။ ယခုအခါ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်
ပြည်သူများဘဝလုံခြုံစိတ်ချမှုရှိစေရေးအတွက် အကြမ်းဖက်အဖျက်သမားများအား စွန့်လွှတ်စွန့်စားတိုက်ခိုက်နှိမ်နင်းနိုင်ခဲ့သောကြောင့်
နယ်မြေဒေသများ ပြန်လည်တည်ငြိမ်အေးချမ်းလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများသည် တောတောင်များတွင်
ပုန်းခိုလှုံပြီး မြို့ရွာများအတွင်း စိမ့်ဝင်ထိုးဖောက်ဝင်ရောက်လာနိုင်သောကြောင့် လက်ရှိဖြစ်ပွားခဲ့သော
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကိုချင့်ချိန်၍
အကြမ်းဖက်အဖျက်လုပ်ရပ်များ အမြစ်ပြတ်သွားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
အကြမ်းဖက်အဖျက်လုပ်ရပ်များ အမြစ်ပြတ်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူသုံးဦးသုံးဖလှယ်
လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာ သာရှိသဖြင့်
ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်
နယ်မြေတည်ငြိမ်အေးချမ်းစေရန် ဒေသခံပြည်သူများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပြီး
စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်သည်။
တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်သည့် မြို့ရွာများအတွင်း
အကြမ်းဖက်သောင်းကျန်း သူများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့်
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများက တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်
လိုအပ်မည်ဖြစ်သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် ပြည်နယ်များအတွင်းရှိ ကျောင်းသား
ကျောင်းသူများ လာမည့်ကျောင်းဖွင့်ရာသီတွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့်
ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ
သက်ဆိုင်ရာအဖွဲ့ အစည်းများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံရေး၊ ကာကွယ်ရေးနှင့်စီးပွားရေးတို့သည်
တိုက်ရိုက်ဆက်စပ်မှုရှိပြီး နိုင်ငံရေး၊ ကာကွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ တည်ငြိမ်မှုရှိအောင်
ဟန်ချက်ညီညီဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ထိရောက်အောင်မြင်အောင်
ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့်ခွာသွားသူများ
ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ပျက်စီးသွားသောမြို့ရွာများ ပြန်လည်ထူထောင်ရေးနှင့်
မိုင်းရှင်းလင်းရေး၊ စီးပွားရေး အလုပ်အကိုင်များ ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်
နယ်စပ်ဒေသ ကုန်သွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရက
ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊
နိုင်ငံ့စီးပွားမြင့်မားလာရေး၊ ပြည်သူများ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချပြီး တည်ငြိမ်စွာဖြင့်
လုပ်ကိုင်ဆောင်ရွက်နိုင်ရေးတို့အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးအကြီးဆုံးအချက်ဖြစ်၍
မြို့ရွာများ တည်ငြိမ်အေးချမ်းမှုရှိအောင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဒေသခံပြည်သူများ
လက်တွဲပူးပေါင်းပြီး အကြမ်းဖက်အဖျက်သမားများ လုံးဝခိုအောင်းနိုင်ခြင်းမရှိအောင် သတိမပြတ်ဆောင်ရွက်ကြပြီး
နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချရမှုမြင့်မားတိုးတက်လာအောင်
အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment