ဒေါက်တာမြတ်မိုး
ဤကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာ၀င်အပေါင်း အထူးဂုဏ်ယူရမည့် နေ့တစ်နေ့ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာဗုဒ္ဓနေ့ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခံရသည့်နေ့လည်း ဖြစ်သည်။ ဗျာဖွား ပွင့်စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့လည်း ဖြစ်နေသည်။
ဗျာ
ဖွား ပွင့် စံ ဤလေးတန်
ထို့ကြောင့်
ကျွန်တော်တို့ မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ကုသိုလ်အကျိုးငှာ
အလေးထား၍ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အာရုံပြုကုသိုလ်တရားများကို ယခုထက်ပို၍
ပွားများအားထုတ် ကြစို့ဟူ၍ တိုက်တွန်းပါသည်။ နေ့ထူးနေ့မြတ်အခါသမယ ဖြစ်နေသောကြောင့်
ဖြစ်သည်။ ဤနေ့မှာပင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဓကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော
ဂေါတမအမည်ဖြင့် ဘုရားစင်စစ်ဧကန် ဖြစ်လိမ့်မည်ဟူ၍ ဒီပင်္ကရာမြတ်စွာ ဘုရားထံတွင်
နိယတဗျာဒိတ်ခံယူတော်မူခဲ့သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၆၀၀ (ဘီစီ-၆၂၃)
မဟာသက္ကရာဇ် ၆၈ ခုနှစ် ဤနေ့မှာပင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို
ဖွားမြင်တော်မူခဲ့သည်။
(ဘီစီ-၅၈၈) မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဤကဆုန်လပြည့် ဗုဒ္ဓဟူးနေ့
အရုဏ်တက်မှာပင် ဘုရားအလောင်း တော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ဘုရားပွင့်တော်မူခဲ့သည်။
(ဘီစီ-၅၄၃) မဟာသက္ကရာဇ် ၁၄၈ ခုနှစ်ဝယ် အရှင်မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ရာနေ့ကား
ဤကဆုန် လပြည့်နေ့ပင်ဖြစ်သည်။ ဗျာဒိတ်တော်ခံယူခြင်း ဘုရားအလောင်းတော် ဖွားမြင်ခြင်း၊
ဘုရားပွင့်ခြင်း၊ ပရိနိဗ္ဗာန်စံခြင်းတို့ဖြင့် ထူးခြားတိုက်ဆိုင်မှုမှာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက်
လေးနက်ပြည့်စုံမှုတစ်ခုပင်ဖြစ်ပါတော့သည်။
အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့တစ်နေ့အဖြစ်
ဖြစ်တည်ခဲ့
ထိုသို့ထူးခြားချက်အပေါင်းကို
ပို၍ပြည့်စုံစေသည်မှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခံရခြင်းပင်ဖြစ်သည်။ ၁၉၉၉
ခုနှစ် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရဖြစ်သည်။ သက်တမ်းရှည်ကြာသော ဘာသာတရားတစ်ခုအပေါ်
လေးစားဂုဏ်ပြု၍ အပြည်ပြည် ဆိုင်ရာရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်မှာ ဂုဏ်ယူစရာဖြစ်သည်။
အဓမ္မကို ဓမ္မကမေတ္တာစွမ်းအားဖြင့် အောင်နိုင်ခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရားကို
ဂုဏ်ပြုလို၍လည်း ဖြစ်သည်။
မြန်မာတို့၏
ယဉ်ကျေးမှု၊ အနုသုခုမ ပညာရပ်များသည် ဗုဒ္ဓတရားတော်များမှ ဆင်းသက်လာသည်ဟု ဆိုပါသည်၊၊
ကာယစိတ္တ နှစ်ဖြာသောသုခကို ပေးစွမ်းသည်မှာလည်း ဤဗုဒ္ဓတရားတော်များပင်။ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသည်မှာလည်း ဤတရား
တော်များကသာ၊ ဘုရားဟောတတ် ထိုတရားမြတ်များကြောင့် ငါတို့ဗုဒ္ဓ ဘာသာကို ကမ္ဘာက ဤသို့
လေးလေးစားစားဂုဏ်ပြုခြင်းဟု မှတ်ယူပါသည်။ ဤကဲ့သို့မှတ်ယူပြီး အသိအမှတ်ပြုခဲ့မှုကို
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အားလုံးကလည်း တန်ဖိုးထားလေးစားပြီး ဗုဒ္ဓ၏
အဆုံးအမများနှင့်အညီ နေထိုင်ကျင့်ကြံအားထုတ်သင့်ကြပါသည်၊၊
ဘာသာခြားများ
ရောနှောရာ ကမ္ဘာ့မိသားစုများက ကျွန်တော်တို့ဗုဒ္ဓဘာသာကို
တန်ဖိုးထားဆက်ဆံသည်နှင့်အညီ ကျွန်တော်တို့ကလည်း ကိုယ့်ဘာသာတရားကို တန်ဖိုးထားသင့်ကြသည်။
ဘုရားထားခဲ့သည့် တရားတော်များအတိုင်း နေထိုင်ကျင့်ကြံပါမှ ဗုဒ္ဓဘာသာဝင်ကောင်း
ဖြစ်ပါမည်။ ပညာဗုဒ္ဓဘာသာ ဝင်များဖြစ်မည်ဟု ဆိုချင်သည်။ ထို့ကြောင့် ကမ္ဘာက အသိအမှတ်ပြုခဲ့သလို
မိမိတို့ဗုဒ္ဓဘာသာဝင်များကလည်း မူလပိုင်ဆိုင်ပြီး တရားမြတ်များကို လေးလေးနက်နက် မှတ်သားနာယူကာ
လိုက်နာကျင့်ကြံစေချင်ပါသည်။
မငြိမ်းချမ်းခြင်းအကြောင်းတရားများ
ယနေ့ကမ္ဘာကြီးကား
အရှုပ်အထွေးများနှင့်သာ ပြည့်နေသည်။ မြန်မာမှာလည်း မငြိမ်းချမ်း၊ ကမ္ဘာအနှံ့
စစ်ပွဲဂယက်တွေကြောင့် လုံခြုံစိတ်ချရမှုအားနည်းပြီး အထွေထွေအကျပ်အတည်များနှင့်သာ
ရင်ဆိုင်နေရသည်။ လက်ရှိအခြေအနေ အတိုင်းသာဆိုလျှင် ပိုပြီးရှုပ်ထွေးမှုများနှင့်အတူ
ပူပန်သောက၊ ဗျာပါဒများ ရင်ဝယ်ပိုက်ပြီး အပါယ်ဆင်းရဲကျဖို့ရာ သာရှိသည်။ တစ်ဖက်ကလည်း
လိုအပ်ချက် အားနည်းချက်တွေကို ရုပ်ပိုင်း ဆိုင်ရာ ဒေါက်တိုင်များနှင့်ချည်း ကူမဖေးမရုံနှင့်မပြီး
စိတ်ပိုင်းဆိုင်ရာ အားဖြည့်ထောက်မမှုများဖြင့် စိတ်ဓာတ်များ
ပြန်လည်မြင့်မားလာရန်ကလည်း အရေးကြီးသည်ဟု ယူဆသည်။
ခေတ်ကာလအခြေအနေများအရ
လူတွေမှာ အစစအရာရာမပြည့်စုံကြ၊ တင်းတိမ်ရောင့်ရဲနိုင်စွမ်းတွေ နည်းလာသည်။
စိတ်မရှည်၊ သည်းခံစိတ်တွေ လျော့လာသည်၊၊ ထိုအခါ တစ်ဦးအပေါ် တစ်ဦးယုံကြည်မှု၊ နားလည်ပေးနိုင်စွမ်း
ကနည်းလာ အပြစ်သာမြင်ပြီး အကောင်းမမြင်ကြတော့။ အဆုံးမှာ အမုန်းသာပွား၊ တိုက်ကြခိုက်ကြ
ထိုအခြေအနေများ ဖြစ်လာရသည်။ ပိုရှိ၊ ပိုတတ်သည့်သူများ ကျတော့လည်း ငါ့လောက်မရှိ၊ ငါ့လောက်
မတတ်မာနတံခွန်က ပါလာသေး။ လိုဘမပြည့်သူများကျတော့ အားငယ် စိတ်ဓာတ်ကျ၊ ကြိုးစားသမျှ အရာမထင်တော့
ဒေါသကကြီးစိုးလာ။ လောဘ၊ ဒေါသ၊ မောဟများဖြင့်သာ အချိန်ကုန် ကြရတော့သည်။
မပြည့်စုံသည့်အပြင်
တရားအသိနည်းသည့်အခါ မရှိသေးသည့်ကုသိုလ်ကိုရှိလာအောင်၊ ရှိပြီးကုသိုလ်ဆက်ပွားအောင်၊
မလုပ်သင့်သည့် အကုသိုလ်မလုပ်မိအောင်၊ လုပ်ပြီး အကုသိုလ်ပယ်ပျက်သွားအောင်လည်း
အချိန်မပေးနိုင်ကြတော့ အားလည်းမစိုက်နိုင်ဖြစ်ကြကုန်သည်။ ကိုယ့်အတွက် မပြည့်စုံတော့
သူ့အကျိုးလည်း မလိုလားနိုင်မေတ္တာလည်း ပျက်လာကြသည်။ ကိုယ့်ထက်ငယ်သူ၊ ကိုယ့်လောက်မရှိ
သူပင်ဖြစ်လင့်ကစား သနားညှာတာ စိတ်ပါနည်းလာသည့်အခါ ကရုဏာတရားလည်း
ခေါင်းပါးလာတော့သည်။ မနာလိုမှုက များသည့်အခါ သူများကြီးပွားလည်း မပျော်နိုင်၊ ကံကံ၏အကျိုးကို
မသိသည့်အခါ ချစ်ခြင်းမုန်းခြင်းဖြင့်သာ ပြီးနေကြတော့သည်။ ဤအခြင်းအရာများကား လက်ရှိဖြစ်ပျက်နေသော
မငြိမ်းချမ်းခြင်း အခြေအနေများပင် ဖြစ်ပါသည်။
မြတ်စွာဘုရားထားခဲ့သော
ဗုဒ္ဓတရားတော်များ၊ ထိုတရားတော်များကို ခေတ်အဆက်ဆက် မကျိုးမပေါက် တာဝန်ယူထိန်းသိမ်းစောင့်ရှောက်နေသော
သံဃာတော်များကြောင့် ဤကဆုန်လပြည့်နေ့သည် အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့အဖြစ် ဖြစ်တည်လာခြင်းဖြစ်သည်။
ဘာသာတရားဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်၍ရသည်ဟုဆိုရာ တွင် ဗုဒ္ဓဘာသာကိုလည်း ငြိမ်းချမ်းရေး၏
ပြယုဂ်အဖြစ် ကမ္ဘာက ထည့်သွင်းခြင်း ဖြစ်သည်ဟု မှတ်ယူပါသည်။
ဗုဒ္ဓတရားတော်များသည်
အကုသိုလ်တရားဆိုးများကို အမှိုက်သရိုက်များအဖြစ် ထင်ဟပ်စေပြီး မိမိတို့၏ အဇ္ဈတ္တအတွင်းအမှိုက်တွေကို
ဦးစွာရှင်းပစ်ဖို့ကို အဓိကဟောပြထားသည်။ မိမိမှာ ကိန်းနေသော အမှိုက်သရိုက်ကို မရှင်းနိုင်ဘဲနှင့်
အပြင်ကအမှိုက်ကို ရှင်းဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ ထို့ပြင် အကုသိုလ်ကို ဖယ်ရှားရုံဖြင့်လည်းမပြီး
ကုသိုလ်တရားများကိုလည်း သိမ်းဆည်းသိုမှီးဖို့ လမ်းညွှန်ထားပြန်သည်။ (ဤတွင် ဘယ်အရာက
ကုသိုလ်၊ ဘယ်အရာက အကုသိုလ်၊ ကုသိုလ်စိတ် အကုသိုလ်စိတ်ကို ခွဲခွဲခြားခြားသိရန်ကို တိတိပပဟောကြားဖော်ပြထားသည်မှာ
ဘာသာတရားတစ်ခု၏ အသက်ပင်ဖြစ်သည်ဟု မှတ်ယူလိုပါသည် ။
မိမိစိတ်ကိုကြည်လင်နေအောင်
ဦးစွာထားပါ
ဤသို့ဖြင့်
မိမိတို့၏ အတွင်းစိတ်ညစ်နွမ်းသော စိတ်အမှိုက်များကို ဖယ်ရှားရှင်းလင်း
ကြည့်ကြရအောင်ပါ။ ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ကံအမှုသုံးမျိုးကို ကျွန်တော်တို့
အားလုံးအိပ်ချိန်မှလွဲ၍ ပြုနေမိသည်သာ ဖြစ်သည်။ ထိုအမှုသုံးမျိုးတွင် ကာယကံ၊
ဝစီကံကို ငါးပါးသီလ ရှစ်ပါးသီလဖြင့် ရှောင်ရှားနိုင်သည်။ မနောကံကိုတော့
အာရုံတစ်ခုတည်းအပေါ်မှာ စူးစူး စိုက်စိုက်ရှုအားသန်သန်ထားသော သမာဓိဖြင့် အားထုတ်ရှုမှတ်ခိုက်၌
ထိန်းထားနိုင်သည်။ သမာဓိဖြင့် မိမိစိတ်တွေကို အာရုံမများ ဗျာမများရအောင် တစ်နည်း
အကုသိုလ်မဖြစ်အောင် ခေတ္တ ခဏထိန်းထားခြင်းဖြင့် စိတ်တွေကို ကြည်လင်လန်းဆန်း သန့်ရှင်းအောင်လုပ်နိုင်ပါသည်။
ထိုမိမိစိတ်စေတသိက် နာမ်တရား ရုပ်တရားတွေကိုပင် ဘာမှ မမြဲ ဘယ်အရာမှအစိုးမရ ဖြစ်ပြီး
ပျက်သမျှ ဒုက္ခချည်းဟု လက္ခဏာရေး သုံးပါးအမှန်ထင်နိုင်လျှင်တော့ ပညာဉာဏ်ဖြစ်သွားပါပြီ။
ပညာအရာမှာသာလွန် သွားသောအချက်က ဤမှာတင် ဖြစ်ပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့
ကြိုးစားပြီး မိမိစိတ် မိမိ ငြိမ်းချမ်းအောင်လုပ်ဖို့ပဲ လိုတော့သည်။ ကမ္ဘာကြီးက
ဤအချက်များကို သိရှိနားလည်၍ အသိအမှတ်ပြုထားခြင်း ဖြစ်ပေရာ ဘုရားသာသနာနှင့် ကြုံခိုက်
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဘက်က ပို၍ ကြိုးစားကြရုံသာ ရှိပါသည်။
မေတ္တာတရားဖြင့်ချမ်းသာခြင်း
မိမိကိုယ်တိုင်ငြိမ်းအေးအမှန်ဖြစ်မှ
ဤအငြိမ်းဓာတ်ဖြင့် မိမိ မိသားစု၊ မိမိဆွေမျိုးဝန်းကျင် အဖွဲ့အစည်းတိုင်းနိုင်ငံမှသည်
ကမ္ဘာကြီးအထိ ငြိမ်းအေးမှုကို ဖြန့်ကြက်နိုင်ပါမည်။ မိမိအတွင်းသဏ္ဌန်မှာ ငြိမ်းချမ်းစိတ်လေး
ခိုင်ခိုင်စိုက်နိုင်လျှင် မိမိ မိတ်ဆွေအပေါင်းအသင်း ရန်သူပင်ဖြစ်လင့်ကစား တစ်လောကလုံးကို
ဖြန့်ကြက်မေတ္တာပွားလို့ရပါပြီ။ “ဘေးရန် ကင်းပါစေ” “စိတ်ဆင်းရဲခြင်းကင်းပါစေ” “ကိုယ်ဆင်းရဲခြင်းကင်းပါစေ”
“ကျန်းမာချမ်းသာစွာ” ဟူ၍ မိမိ၏ သမာဓိစွမ်းအား ဖြင့် မေတ္တာဖြန့်ကြက်ပွားများရခြင်းလောက်သော
အရသာထူးကား မရှိတော့ ပါ။ မျှဝေသောသဘောသည် သူတစ်ပါးအကျိုးကို လိုလားခြင်းမည်ပါသည်။
မေတ္တာပေးလျှင် မေတ္တာပြန်ရသည်။ သူများကို အမုန်းပေးလျှင် ကိုယ်လည်း အမုန်းပဲ
ပြန်ရတတ်သည် မဟုတ်ပါလား။
ကိုယ့်ကြောင့်
သူများချမ်းသာလျှင် ကိုယ်လည်းချမ်းသာဖြစ်မှာ မလွဲပါ၊ မေတ္တာကြောင့် သူ့ဘက်က မိတ်ဆွေ
ဖြစ်လာလျှင် ကိုယ့်ကို ရန်ပြုမည့်သူ ကိုယ့်ကိုဖျက်ဆီးမယ့်ဘေး ဝေးသွားပါလိမ့်မည်။ မိမိအတွက်ထက်ပင်
သူတစ်ပါးအကျိုးကို လိုလိုလားလား ဆောင်ရွက်ပေးခြင်းသည် မေတ္တာ၏ အဓိပ္ပာယ်ဖြစ်ပြီး
မေတ္တာသည် အားကြီးသော ကုသိုလ်တရားဟု သိရလျှင်ကို ငြိမ်းချမ်းရေးအတွက် အားဖြည့်မှုတစ်ခု
ဖြစ်ပါပြီ။
ကရုဏာတရားဖြင့်ဆင်းရဲကင်းခြင်း
ငြိမ်းချမ်းမှုကို
ဆောင်ယူရာတွင် မေတ္တာအပြင် ကရုဏာတရားလည်း အရေးကြီးပါသည်။ သူများတကာ ဆင်းရဲဒုက္ခကြီးစွာရောက်ရ၊
ပညာကျန်းမာလူမှုဘဝအစစအရာရာ မပြည့်စုံ၊ သူတကာ၏ သောကတွေ၊ အပူတွေသည် ကိုယ်သာဖြစ်ခဲ့လျှင်ကောဆိုသည့်
အတွေးမျိုးကား ကရုဏာတရားဆိုသည့် ကုသိုလ်စိတ်ထား၊ ထားတတ်သူများတွင်သာ
ရှိနိုင်ပါသည်။ လောလောဆယ် ကိုယ်ကသူ့လောက်မခံစားရ၊ သူက ကိုယ့်ထက် ခံစားနေရခြင်းသည် အတိတ်ဘဝ
အဆက်ဆက်က ထူထောင်ခဲ့သော ကံ၊ ကံ၏ အကျိုးဆက်များလည်းပါသည်ဟု ယုံကြည်ထားလျှင် ထိုသူများအပေါ်
သနားကြင်နာစိတ်မထားဘဲ နေနိုင်တော့မည်မဟုတ်ပါ။
ထိုအခါ
မိမိတို့ဘက်က ရုပ်ပိုင်းစိတ်ပိုင်းကူညီမှုများဖြင့် အထောက်အကူပြုဖြစ်သွားမှာ သေချာပါတော့သည်။
ဒုက္ခရောက်သူကိုကယ်တင်လျှင် ကိုယ်လည်းဆင်းရဲဝေးပါသည်၊။ ဘေးဘယာလည်း ကင်းပါသည်။
ဤသည်လည်း မြတ်စွာဘုရား၏ အဆုံးအမတစ်ခုဖြစ်ပြီး ဤကုသိုလ်တရားက
ကိုယ့်ထက်နိမ့်ပါးသူတို့အတွက် မိမိဘက်က ထားရှိရမည့် လမ်းညွှန်ပြသည့် ဒုက္ခ
ဆင်းရဲကင်းရာ ငြိမ်းချမ်းရေးလက်ဆောင် တစ်ခုပင်ဖြစ်ပါတော့သည်။
မုဒိတာ
ဥပေက္ခာဖြင့် ငြိမ်းချမ်းခြင်းသဘော
မေတ္တာ၊
ကရုဏာထက် ထားရခက်သည့် တရားတစ်ခုကား မုဒိတာဖြစ်သည်။ သူများက ကိုယ့်ထက်သာသွားလျှင်၊
သူများကြီးပွားလျှင် မနာလိုမုန်းထား ငြူစူကာဖြင့် ဝမ်းမြောက်ဝမ်းသာ မဖြစ်နိုင်ခြင်းသည်လည်း
အကုသိုလ်တစ်မျိုး ပင်ဖြစ်သည်။ ကိုယ့်ဘက်က မုဒိတာမဖြစ်လျှင် သူကတော့ ဘာမှမဖြစ်၊ ကိုယ်ကသာ
မပျော်မရွှင်၊ ဝမ်းနည်းမဆုံးဖြင့် စိတ်ဝယ်မငြိမ်းချမ်း အကုသိုလ်ဖြစ်နေရသည်။ ဒါလည်း
ကံ၊ ကံ၏ အကြောင်းအကျိုးကို ဆက်စပ်နိုင်ပြီး သူ့စည်းစိမ် သူ့ရာထူးမရွေ့လျောပါစေနှင့်ဟုထပ်ကာထပ်ကာ
ပွားများပေးမှသာ ကုသိုလ်ဖြစ်ပြီး ငြိမ်းချမ်းသွားပါသည်။ ကံ၊
ကံ၏အကျိုးတရားကိုယုံကြည်ခြင်းဖြစ် ပျက်တရားသဘောကို ပညာဉာဏ်ဖြင့်
ဆင်ခြင်နိုင်ခြင်းက နောက်ဆုံးအရေးကြီးသော ဥပေက္ခာတရားကို ဖြစ်ထွန်းစေ ပါသည်။
ထိုအခါ ကိုယ့်အကျိုးမလိုလား၍လည်း မုန်းတာမဖြစ်၊ ကိုယ့်အကျိုး လိုလားလို့လည်း
ပိုပြီးမချစ်တတ်၊ မချစ်မမုန်းအလယ်လမ်းမှာ လျှောက်တတ်သွားပြီး ဥပေက္ခာတရားကို ပိုင်ဆိုင်သွား
နိုင်ပါသည်။ အလေ့အကျင့် လုပ်ကြည့်ခြင်းဖြင့် အဂတိတရားကင်းလာပြီး နောက်ဆုံးမှာ ငြိမ်းချမ်းခြင်းသို့
မလွဲဧကန်ရောက်ရှိလာပါမည်။
ဖော်ပြသည့်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားလေးပါးကား မိမိစိတ်ဝယ်ဖြူစင်ကြည်လင်အောင်
လုပ်ပြီးသကာလပွားများကျင့်ကြံ အားထုတ်အပ်သော မြင့်မြတ်သော ကုသိုလ်တရားများပင် ဖြစ်ပါသည်။
တစ်နည်းလက်တွေ့ကျပြီး အကြောင်းအကျိုးဆက်စပ်သောတရားများလည်း ဖြစ်သည်။ မိမိအတွက်ကော လူ့အဖွဲ့အစည်း
အားလုံးနှင့် ကမ္ဘာကြီးအတွက်ပါ ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိသော အကြမ်းဖက်မှုမပါသော
ဗြဟ္မဝိဟာရတရား မြင့်မြတ်သော တရားများအဖြစ် ကမ္ဘာကြီးက မှတ်ယူထားသော တရားများလည်းဖြစ်သည်။
ထို့ကြောင့်
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ဤကဆုန်လပြည့် (ဗုဒ္ဓနေ့ ) ရောက်တိုင်း
သဗ္ဗညုတဉာဏ်တော်ရရှိရာ ဘုရားရှင်ပွင့်တော်မူရာ ပရိဘောဂစေတီကို ရည်မှန်း၍ ဗောဓိညောင်ပင်ရင်းတွင်
ရေသွန်းလောင်းကြရာမှာ မြန်မာနိုင်ငံသားများအတွက် ကမ္ဘာသူ ကမ္ဘာသားများအတွက် ငြိမ်းချမ်းရေးအတွက်
အောင်နိမိတ်ယူပြီး ရည်မှန်းသွန်းလောင်းကြစေချင်ပါသည်။ သို့မှသာ ဤကုသိုလ်ထူးဖြင့်
ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး ပူပြင်းသောနွေအပူနှင့်
အကျပ်အတည်းများအောက်မှာ နွမ်းလျမှုတို့ ပပျောက်ပြီး ပျော်ရွှင်လန်းဆန်းမှုများ ရရှိနိုင်မည်ဟု
ယုံကြည်ပါသည်။ အကုသိုလ်ကို ရှောင်နိုင်ပြီး ကုသိုလ်ကို ဆောင်နိုင်ကြကာ ဗုဒ္ဓ၏ဓမ္မတရားများဖြင့်
ငြိမ်းချမ်းရေးကို အောင်နိုင်ကြမည်ဟု ခံယူပါသည်။ တစ်ဦးတစ်ယောက်ချင်း
စိတ်ဓာတ်တွေကောင်းနေပြီး ငြိမ်းချမ်းနေမှသာ အပြင်လောကကြီးလည်း
ငြိမ်းချမ်းနေမှာဖြစ်သည်ဟု ဆုမွန်တောင်းလျက်ပါ။ ။

No comments:
Post a Comment