Thursday, May 23, 2024

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ

 


နေပြည်တော် မေ ၂၂

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်တော်များ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများသည် တက်ရောက်လာကြသူများနှင့်အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ကြရန် နေရာယူကြပြီး အခမ်းအနားမှူးကမဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများသည် တက်ရောက်လာကြသူများနှင့်အတူ သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်များအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

သတင်းစဉ်

No comments:

Post a Comment