ပုသိမ် မေ ၄
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအနေဖြင့်
စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄
-၂၀၂၅ ခုနှစ်တွင် လျာထားစိုက်ဧကနှင့် ထွက်နှုန်းများရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ရိုးပြတ်ကျန်ဧကများ လျော့နည်းစေရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသည့်
စိုက်ဧကနှင့် အထွက်နှုန်းများမှန်ကန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊
လာမည့်မိုးစပါးစိုက်ရာသီတွင် မျိုး၊မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ရေတော်မိုးတော် စိုက်ဧက (၂၇)သိန်းကျော်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊
ကြဲခင်းများ လျော့နည်းပပျောက်စေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပီလောပီနံတိုးချဲ့
စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ အစရှိသည့် ဆီထွက်သီးနှံများကို
တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ရည်မှန်းချက်ပေးထားသည့်အတိုင်း အောင်မြင်အောင် တာဝန်ရှိသူအားလုံးက
တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း
ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ နွေစပါး၊ မိုးစပါးစိုက်ပျိုးရိတ်သိမ်းထွက်ရှိမှု၊
ပိုက်ဆံလျှော်မျိုးစေ့များ စုဆောင်းထားရှိမှု၊ အစေ့ချစိုက်ပျိုးခြင်းနှင့် နည်းစနစ်ပြောင်းလဲအသုံးပြုနိုင်ရေး
Drum Seeder များဝယ်ယူဆောင်ရွက်မည့်အခြေအနေများ၊ သီးထပ်စွမ်းအားမြင့်မားရေးအတွက် သုံးသီးစိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို
ခရိုင်ရှစ်ခရိုင်မှ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ
ဥက္ကဋ္ဌများကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊
ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) တိုင်းလုံးကျွတ် ထည့်သွင်းစိုက်ပျိုးနိုင်ရေးတို့နှင့်ပတ်သက်၍
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီးမြေစာရင်းဦးဌာန၊
တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက
စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း
သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)

No comments:
Post a Comment