နေပြည်တော် မတ် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသော အားဖြင့် စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်နှင့်
ဦးထွန်းအုံ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်
ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ
ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် မျိုးစေ့ကုမ္ပဏီများမှ
ကိုယ်စားလှယ်များ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များ၊ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များမှ
တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသူများ တက်ရောက်ကြ
သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို
အားပေးသည့်အနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများကို စိုက်ပျိုးရေး၊
မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားပိုင်ကုမ္ပဏီများသာမက
နိုင်ငံခြားသား ကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်နေနိုင်ကြပြီဖြစ်ကြောင်း၊
နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများအကျိုးကို ရှေးရှုပြီး မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို
သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း၊
မျိုးစေ့ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့်
အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ်လုပ်ငန်း များ ရေရှည်တည်တံ့စေရန်နှင့်
စံချိန်စံညွှန်း ကိုက်ညီပြီး ဒေသအလိုက် အောင်မြင်ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်း
မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး သွားကြခြင်းဖြင့် မျိုးစေ့ထုတ်လုပ်သူများနှင့် သုံးစွဲသူ
တောင်သူလယ်သမားများ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းကြစေရေး ဦးတည်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက
ပြပွဲကျင်းပ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည်
အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည်
မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ် အသင်းအဖွဲ့များက ခင်းကျင်းပြသထားသည့် ပြခန်းများ၊
သီးနှံမျိုးနမူနာများ စမ်းသပ် စိုက်ပျိုးထားသည့် စိုက်ကွင်းများ၊ စိုက်ပျိုးရေးဆိုင်ရာ
အလေ့အကျင့်ကောင်း (GAP) စံပြစိုက်ခင်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယခုကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ကို
မတ် ၁ ရက် မှ ၃ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်၍ တောင်သူလယ်သမားများ၊ သီးနှံမျိုးစေ့
ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်း စိတ်ဝင်စားသူများ မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment