Friday, March 29, 2024

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ ဓမ္မာစရိယစာဖြေဌာနများသို့သွားရောက်၍ စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာ၊ သီလရှင်များဖူးမြော်ကြည်ညို


နေပြည်တော် မတ် ၂၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကိုသွား ရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားစာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူငွေငါးသိန်းကျပ်ကို ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ယနေ့ကျင်းပသော ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ပျဉ်းမနားစာဖြေဌာန၌ သံဃာ ၁၉၃ ပါးနှင့် သီလရှင်တစ်ပါးစုစုပေါင်း ၁၉၄ ပါး စာရင်းသွင်း၍ စာဖြေသံဃာ ၁၆၁ ပါးနှင့် သီလရှင်တစ်ပါး စုစုပေါင်း ၁၆၂ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်သို့သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ စာဖြေဌာနအတွက် နဝကမ္မအလှူငွေငါးသိန်းကျပ် ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။ လယ်ဝေးစာဖြေဌာန၌ စာရင်းသွင်း သံဃာ ၁၀၁ ပါး၊ သီလရှင် ၁၄ ပါး၊ လူပုဂ္ဂိုလ်နှစ်ဦး စုစုပေါင်း ၁၁၇ပါး/ ဦး စာရင်းသွင်း၍ စာဖြေသံဃာ ၈၃ ပါး၊ သီလရှင် ၁၂ ပါး၊ လူပုဂ္ဂိုလ်တစ်ဦး စုစုပေါင်း ၉၆ ပါး/ဦး ဝင်ရောက်ဖြေဆိုတော်မူကြသည်။

၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၆၆ ဌာနတို့တွင် မတ်၂၈ ရက်မှစတင်၍ ကျင်းပဖြေဆိုလျက်ရှိပြီး ဧပြီ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ယနေ့ဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ် (ပထမနေ့) စတင်ဖြေဆိုခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပါဠိပထမပြန် စာဖြေဌာန ၂၁၃ ဌာနတို့တွင် ဧပြီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဘဒ္ဒိယအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်

No comments:

Post a Comment