Friday, March 29, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

စဉ်ဆက်မပြတ် လေ့လာ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ယူ တတ်မြောက်ခဲ့သည့် ကွန်ပျူတာအခြေခံ သဘော တရားများကို အသုံးပြု၍ ရုံးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆင့်မြင့် IT နည်းပညာများဖြစ်သည့် Artificial Intelligence (AI)၊ Blockchain ၊ Cloud Computing ၊ Big Data စသည်ဖြင့် ဆန်းသစ်နေသော ပညာရပ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာကြရန် လိုအပ်ပါကြောင်း၊ “တတ်ပြီးပညာ မလေ့လာက မကြာမရှည် ပျောက်တတ်သည် ဟူသော ဆိုရိုးစကားနှင့်အညီ သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာများကိုအခြေခံ၍ လေ့လာသင်ယူမှုများ၊ လေ့ကျင့်မှုများ စဉ်ဆက်မပြတ် ဆက်လက်ပြုလုပ်သွားပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချမည်ဆိုပါက ပိုမိုစွမ်းဆောင်ရည် ပြည့်ဝသည့်ဝန်ထမ်းများ ဖြစ်လာကြမည်ဟု ယုံကြည်ပါ‌ကြောင်း၊ သင်တန်း သား သင်တန်းသူများအနေဖြင့် မိမိဘဝတိုးတက်ရေးမှသည် မိမိဌာနတိုးတက်ပြီး အကျိုးစီးပွားရလဒ် ကောင်းများရရှိစေရန်ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်ကြပါစေကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က သင်တန်းသား သင်တန်းသူများအနေဖြင့် အဆင့်မြင့် ICT နည်းပညာများကို ဆက်လက်လေ့လာ၍ မိမိတို့၏စွမ်းဆောင်ရည်များ မြင့်မားစေခြင်းဖြင့် ဝန်ကြီးဌာန၏မျှော်မှန်းချက်၊ မူဝါဒနှင့်ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးနှင့်သင်တန်း သူများကိုယ်စား သင်တန်းသူတစ်ဦးတို့ကို ပေးအပ်သည်။

ထို့နောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသားကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသူများကို ဒုတိယဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment