နေပြည်တော် မတ် ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေ၊ ဖော်ထုတ်၊ ထိန်းသိမ်း၊ တိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အနုပညာရပ်နှင့် ဆက်နွှယ်နေသည့် ပညာ ဗဟုသုတများကို မျိုးဆက်သစ်များ အသိပညာတိုးတက်စေရန်အတွက် အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊
အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊
ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အနုသုခုမပညာကို နှစ်သက်မြတ်နိုးသော
သုတေသီများ တက်ရောက်ကြ သည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များက
အနု သုခုမဆိုင်ရာ စာတမ်းလေးစောင်ကို ဖတ်ကြားတင်သွင်းကြမည်ဖြစ်ကြောင်း၊ ယနေ့ဖတ်ကြား
တင်သွင်းမည့် စာတမ်းလေးစောင်သည် အနုပညာသည် အတွေးအခေါ် အယူအဆနှင့် ရသပညာ၏ အရေးပါမှု၊
ကျန်းမာရေးအပေါ် အနုပညာ၏ ဩဇာသက်ရောက်မှု၊ မြန်မာ့ပြက္ခဒိန်ပညာ၏ သမိုင်းတန်ဖိုးကြီးမားမှု၊
မြန်မာ့နတ်ချင်းများ၏ အနက်အဓိပ္ပာယ်ပြည့်ဝမှုများကို ဖော်ထုတ်တင်ပြနိုင်မည့်စာတမ်းများဖြစ်သည်ဟု
သုံးသပ်နိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အနုသုခုမဆိုင်ရာ
စာတမ်းဖတ်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ
ရိုက်ကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲကို ကျင်းပရာ စာတမ်း ရှင်များဖြစ်ကြသော ရန်ကုန်အဝေးသင်တက္ကသိုလ်
ဒဿနိကဗေဒဌာန ပါမောက္ခဒေါက်တာသက်ဝေဝင်း က Why Philosophy Essential in Art စာတမ်းကို
လည်းကောင်း၊ မန္တလေးတက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခဒေါက်တာ သီရိလှိုင်က The
Relationship Between Art and Psychological Well-being (Art Therapy) စာတမ်းကို လည်းကောင်း၊
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးရဲမြတ်အောင်က မြန်မာ့ပြက္ခဒိန် ပညာစာတမ်းကိုလည်းကောင်း၊
ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)က နတ်ချင်းနှင့် အပျိုတော်အကစာတမ်းကိုလည်းကောင်း
ဖတ်ကြားတင်သွင်းကြပြီး စာတမ်းရှင်များ၏ သဘာပတိအဖြစ် ဒေါက်တာမြသောင်း၊ မြန်မာနိုင်ငံ
ပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးမင်းမင်းနှင့် စာပေ ပညာရှင် ဦးစုအောင်တို့က ဆောင်ရွက်ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းခြင်းကို စာတမ်းရှင်
များက ပြန်လည်ရှင်းလင်းဖြေကြား၍ ဒုတိယဝန်ကြီးက စာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်၍
နိဂုံးချုပ်အမှာစကားပြောကြားပြီး သဘာပတိနှင့် စာတမ်းရှင်များကို အမှတ်တရလက်ဆောင်များ
ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment