Friday, March 1, 2024

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်းရှိ စာသင်တိုက်ကြီး ၇ တိုက်မှ သံဃာတော်များနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပ‌ဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို



 နေပြည်တော် မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်းရှိ စာသင်တိုက်ကြီး ၇ တိုက်မှ သံဃာတော် (၁၆၀) ပါး၊ အုပ်ချုပ်သူ (၈) ဦး၊ ဆေးအကူ (၂) ဦး၊ စုစုပေါင်း (၁၇၀) ဦးနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပ‌ဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများ စုစုပေါင်း (၁၅၃) တို့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို ကြသည်။

ဦးစွာ နံနက်ပိုင်းတွင် သံဃာတော်များအားလည်းကောင်း၊ ညနေပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပ‌ဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများအားလည်းကောင်း ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ဘုရားဖူးလာသံဃာတော်များနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေချုပ်များ၊ ဥပဒေအရာရှိများက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ထို့ပြင် ဘုရားဖူးလာသံဃာတော်များနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေချုပ်များ၊ ဥပ‌ဒေအရာရှိများက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှုအခြေ အနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ ဘုရားဖူးလာ သံဃာတော်များနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေချုပ်များ၊ ဥပ‌ဒေအရာများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် ဘုရားဖူးလာ သံဃာတော်များနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေချုပ်များ၊ ဥပ‌ဒေအရာရှိများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်းကျင်းပခဲ့သည့် မဟာမင်္ဂလာ အခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှုမှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် သံဃာတော်များနှင့် ဥပဒေအရာရှိများ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

ဘုန်းဘုန်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ချမ်းမြေ့ဇေယျာ သာမဏေကျော် တက္ကသိုလ် ကျောင်းတိုက်က လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ တကယ်ခမ်းနားသပ္ပာယ်ပြီး ကြည်ညိုဖွယ် ရာကောင်းတဲ့ ဒီလိုနေရာမျိုးကို ရောက်လာတာကတော့ ဦးဇင်းတို့ရင်ထဲမှာ တကယ်ကို ဝမ်းမြောက် ပီတိဖြစ်မိပါတယ်။ ဒီလိုနေရာမျိုးကို ရောက်မယ်လို့လည်း ဦးဇင်းတို့ ထင်မထားခဲ့ပါဘူး။ တကယ်ကို ကံကောင်းထောက်မလို့ ဦးဇင်းတို့ ဒီလိုရောက်လာခြင်းဖြစ်ပါတယ်။ အခုလို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ဦးဇင်းလည်း ဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ တကယ်ကို ခမ်းနားတဲ့ နေရာဖြစ်တဲ့အတွက် ဒီဘုရားကြီးကို လူတိုင်းလာရောက်ဖူးမြော်ဖို့ ဦးဇင်းအနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်။

ကျွန်တော်က တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်း ဖြစ်ပါတယ်။ ဒီဘုရားကြီးကို လာရောက်ဖူးမြော်နိုင်ဖို့အတွက် ဥပဒေရေးရာဝန်ကြီးဌာနက စီစဉ်ပေးတဲ့အတွက် အခုလိုလာရောက် ဖူးမြော်ခွင့်ရရှိတာ ဖြစ်ပါတယ်။ ဒီဘုရားကြီးကို ဖူးမြော်လိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့ရင်ထဲမှာ ဝမ်းသာပီတိဖြစ်ရသလို ကြည်နူးမှု လည်းဖြစ်ရပါတယ်။ အခက်အခဲတွေကြားထဲက ဒီဘုရားကြီး ကို တည်ထားကိုးကွယ်နိုင်အောင် စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါ တယ်။ မာရဝိဇယဆိုတဲ့စကားနဲ့အညီ ကျွန်တော်တို့ ဘုရားဖူးပြည်သူများအားလုံး ဘေးအပေါင်း၊ ရန်အပေါင်း၊ မာန်အပေါင်းကနေပြီးတော့ ကင်းဝေးကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါ တယ် ခင်ဗျာ။

မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်သန္တာမြင့် ဖြစ်ပါတယ်။ မကွေးမြို့ကနေ လာရောက် ဖူးမြော်တာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေအရာရှိတွေနဲ့ ခရိုင်ဥပဒေအရာရှိတွေ အားလုံးစုပေါင်းပြီး လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါ တယ်။ ကျွန်မအနေနဲ့ ဒီဘုရားကြီး ကို တတိယအကြိမ် လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဘုရား ကြီးကို ဖူးမြော်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘုရားကြီးက ကမ္ဘာပေါ်မှာရှိတဲ့ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့အပြင် ရင်ပြင်တော် အပေါ်ကို တက်လိုက်တာနဲ့ တိမ်တိုက်ကြီးအပေါ်မှာ စံပယ်နေသလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စံပယ်နေသလို ဖူးမြော်ရတဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးမြော်ရတယ်လို့ပဲ စိတ်ထဲမှာရည်မှန်းပြီး ဝမ်းသာပီတိဖြစ်မိပါတယ်။

သတင်းစဉ်


No comments:

Post a Comment