Friday, March 1, 2024

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့(၆/၂၀၂၃-၂၀၂၄) အစည်းအဝေးကျင်းပ


 

နေပြည်တော် ဖေဖော်ဝါရီ ၂၉

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၆/၂၀၂၃-၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြုလွှာခေါ်ယူ၍ ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်က ကြော်ငြာစာထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ပိုမိုတိုးတက်ထုတ်ချေးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို ပြောကြားသည်။

ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် ကြော်ငြာစာထုတ်ပြန်ပြီးနောက် လက်ခံရရှိမှုအခြေအနေနှင့် ဆီစက်လုပ်ငန်းများ ချေးငွေတိုးတက်ထုတ်ချေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာ အဖွဲ့အလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ Project Management Unit စီမံကိန်း ဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှုအခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment