မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့သည် ဆန်ကို အဓိကစားသုံးသောလူမျိုးများ ဖြစ်သည်။ ဆန်မှဖြစ်သောထမင်းသည် မြန်မာလူမျိုးများ အသက်ရှင်သန်နေထိုင် ရပ်တည်မှုအတွက် အဓိကကျသောအာဟာရတစ်ခုဖြစ်သည်။ လူတို့ နေ့စဉ်စားသုံးနိုင်ရန် လိုအပ်သည့်ဆန်ဖြစ်လာရန်အတွက် တောင်သူလယ်သမားဦးကြီးများက ပင်ပန်းဆင်းရဲကြီးစွာဖြင့် လုပ်ကိုင်ကြရသဖြင့် တောင်သူဦးကြီးများကို ကျေးဇူးတင်ထိုက်သည့်ကျေးဇူးရှင်များအဖြစ် ဂုဏ်ပြုကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်
ရပ်တည်လာခဲ့သည်။ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြပြီး
အများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာစိုက်ပျိုးရေးကို အမှီပြု အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်သည်။
တောင်သူလယ်သမားဦးကြီးများသည် နိုင်ငံသားအားလုံး၏စားရေရိက္ခာကို ဖြည့်ဆည်းပေးနေသူများဖြစ်သော်လည်း
တောင်သူလယ်သမားများ၏ဘဝများမှာ အကြောင်းအမျိုးမျိုးတို့ကြောင့် ဆင်းရဲနိမ့်ကျရသည့်ဘဝများတွင်
ဖြတ်သန်းနေကြရဆဲဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားများ၏ဘဝကို အသိအမှတ်ပြု မြှင့်တင်ကြရမည်ဖြစ်သည်။
မြန်မာဘုရင်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားများ၏ ဘဝများမှာ အပြောင်းအလဲမရှိသော်လည်း
တည်ငြိမ်အေးချမ်းစွာဖြင့် ရပ်တည်နေထိုင် လုပ်ကိုင်ခဲ့ကြသည်။ ကိုလိုနီလက်အောက်သို့ အောက်မြန်မာနိုင်ငံကျရောက်သည့်အချိန်မှစ၍
တောင်သူလယ်သမားများ၏ဘဝများမှာ ကြီးမားသောအပြောင်းအလဲများဖြစ်ပေါ်လာသည်။ နယ်ချဲ့အရင်းရှင်တို့သည်
ကုန်သည်ကြီးများအကျိုးစီးပွားကို အလေးထားပြီး မြန်မာနိုင်ငံ၏အရင်းအမြစ်များအပေါ် အမြတ်ထုတ်ကုပ်သွေးစုပ်လုပ်ကိုင်လာခဲ့သည်ကို
သမိုင်းတွင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆန်စပါးများ ပြည်ပသို့တင်ပို့နိုင်ရန်အတွက်
ပြည်ပမှအရင်းရှင်များကို မြန်မာနိုင်ငံသို့ ခေါ်ယူလာခဲ့ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင်
ကျယ်ပြန့်စွာအမြတ်ထုတ် လာခဲ့သည်။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေကောင်းလာသောအခါတွင် နယ်ချဲ့အင်္ဂလိပ်တို့က
အောက်မြန်မာနိုင်ငံမြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေပြဋ္ဌာန်းကာ ကုန်သည်များအကျိုးအတွက်
ဆောင်ရွက်ခဲ့သည်။ လယ်ယာမြေများ တိုးချဲ့ဖော်ထုတ်လုပ်ကိုင်နိုင်မှုကြောင့် နယ်ချဲ့အရင်းရှင်တို့
စီးပွားတိုးတက်အားကောင်း လာသော်လည်း ကျေးလက်နေတောင်သူလယ်သမား လူတန်းစားများ၏ဘဝမှာ နည်းပညာမတတ်မြောက်မှု၊
အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင်
လယ်ယာများကို အရင်းရှင်တို့လက်သို့ ပေးအပ်ခဲ့ရသည်။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်နှင့်ကြုံတွေ့ချိန်တွင်
တောင်သူလယ်သမားများ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားခဲ့သဖြင့် တောင်သူလယ်သမားအရေးတော်ပုံပေါ်ပေါက်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်တွင် အောက်ကျနောက်ကျနေခဲ့ရသည့် တောင်သူလယ်သမားများ၏ဘဝကို
မြှင့်တင်ပေးရန်အတွက် နိုင်ငံတော်က အနည်းဆုံးလုပ်ခကြေးငွေဥပဒေ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၊
သီးစား ချထားရေးဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေစသည်တို့ကို ဆောင်ရွက်ပေးခဲ့သော်လည်း
ထူးခြားမှုမရှိခဲ့ပေ။ ၁၉၆၃ ခုနှစ်က တောင်သူလယ်သမားနေ့ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော်လည်း
ဇန်နဝါရီလမှာ တောင်သူလယ်သမားများ ရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို
ဂုဏ်ပြုသကဲ့သို့ဖြစ်နေခြင်းကြောင့် ၁၉၆၅ ခုနှစ်မှစ၍ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ဟု
ပြောင်းလဲကျင်းပခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက ပြည်သူအများစုဖြစ်သော တောင်သူလယ်သမားများပါဝင်သည့်
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ကူညီအားပေးလျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးတို့အတွက်
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို
ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း
ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
တောင်သူလယ် သမားများအဓိကလိုအပ်သည့် စိုက်ပျိုးမြေ၊ ရေ၊ နည်း၊ သွင်းအားစုတို့ကို ကူညီ
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးစရိတ်များကိုလည်း နှစ်စဉ် ထုတ်ချေးပေးလျက်ရှိသည်။
နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်တစ်ခုဖြစ်သည့် စားရေရိက္ခာဖူလုံ ရေးအတွက်
အဓိကဖြည့်ဆည်းကြိုးပမ်းဆောင်ရွက်နေကြသူများမှာ တောင်သူလယ်သမားဦးကြီးများဖြစ်သည်။ ပြည်သူများ၏
အဓိကစားရေရိက္ခာဖြစ်သည့် ဆန်ကို လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမား
ဦးကြီးများဖြစ်သည်။ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်း စွမ်းဆောင်နေကြသူများမှာ
တောင်သူလယ်သမားဦးကြီးများဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတင်ထိုက်သည့်၊ ဂုဏ်ပြုထိုက်သည့်တောင်သူလယ်သမားဦးကြီးများကိုဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
။

No comments:
Post a Comment