စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစီးပွားရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို အဓိက မောင်းနှင်နေသည့်အင်အားစုမှာ တောင်သူလယ်သမားများဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။” ဟူ၍ လုပ်ငန်းစဉ်ပါရှိရာ အဆိုပါလုပ်ငန်းစဉ် အောင်မြင်ရန်မှာ နိုင်ငံတစ်ဝန်း ကျေးလက်ဒေသများရှိ တောင်သူလယ်သမားထုကြီး၏ အကောင်အထည်ဖော်ကြိုးပမ်းမှုက ပဓာနဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံများမှာ ပြည်တွင်း၌ အဓိကစားသုံးသည့်
သီးနှံဖြစ်သော စပါးနှင့် ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပြည်ပပို့ကုန်
ပဲအမျိုးမျိုး၊ ပြောင်း၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဝါ၊ ကြံနှင့် နှစ်ရှည်ပင်များဖြစ်သည့်
ကော်ဖီ၊ ရော်ဘာ၊ မီးဖိုချောင်သုံးသီးနှံ ငရုတ်၊ ကြက်သွန်၊ အာလူးနှင့် သစ်သီးဝလံများဖြစ်ကြရာ
အဆိုပါ စိုက်ပျိုး ထွက်ကုန်အားလုံးအတွက် ပြည်တွင်း၊ ပြည်ပဈေးကွက်များ အဆင်သင့်ရှိသည်။
ရာသီအလိုက် သီးနှံများ စိုက်ပျိုးလျက်ရှိသည့် မြေဧရိယာများပေါ်တွင် သီးနှံတစ်မျိုးချင်းအလိုက်
ပန်းတိုင် အထွက်နှုန်းများအတိုင်း ထွက်ရှိအောင် စိုက်ပျိုးခြင်း၊ တစ်နှစ်ပတ်လုံး သီးထပ်စိုက်ပျိုးခြင်းတို့ကို
အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးကုန်ထုတ်စွမ်းအား မြင့်မားလာသည်နှင့်
အတူ တောင်သူလယ်သမားတို့၏ လူမှုဘဝများလည်း လိုက်ပါ မြင့်မားလာမည်ဖြစ်သည်။
သီးနှံများ ပန်းတိုင်ထွက်နှုန်း ပြည့်မီအောင်ထွက်ရှိရေးဆောင် ရွက်ကြရာတွင် စိုက်ပျိုးသီးနှံအလိုက်
သတ်မှတ်ပေးထားသည့် ထွက်နှုန်းများမှာ မဖြစ်နိုင်သည်ကို သတ်မှတ်ထားခြင်းမဟုတ်ဘဲ တကယ်လုပ်ပါက
အဟုတ်ထွက်ရှိနိုင်သည့်စံနှုန်းများသာဖြစ်သည်ကို သတိချပ်ကြရန်လိုသည်။ မိမိတို့နိုင်ငံကဲ့သို့ပင်
သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်နှိုင်းယှဉ်ပါက
တောင်သူလယ်သမား တစ်ဦးချင်းအရ ရော မြေတစ်ဟက်တာချင်းအရပါ မိမိတို့နိုင်ငံက နိမ့်ကျလျက်ရှိ
ရာ ယခုထက်ပို၍ အားထုတ်ကြိုးပမ်းကြမှသာ အဆိုပါနိုင်ငံများ နှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် က ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း ဧက ခုနစ်သန်း
ခွဲခန့် စိုက်ပျိုးခဲ့ရာ အကယ်၍သာ ဆီထွက်သီးနှံ သုံးမျိုးစလုံး ပန်းတိုင်ရည်မှန်းချက်
အထွက်နှုန်းအတိုင်း ပြည့်မီစွာထွက်ရှိမည် ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ထက်
နှစ်ဆခန့်ကျော် လွန်ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း မြေပဲတစ်မျိုးသာလျှင် ပန်းတိုင်အထွက်နှုန်းပြည့်မီခဲ့သည်ဟု
သိရသည်။ ထို့အပြင် စပါးအပါအဝင် အခြားသီးနှံများအားလုံးကိုလည်း ပန်းတိုင်အထွက် နှုန်းရရှိစေရန်
တစိုက်မတ်မတ်ဆောင်ရွက်မည်ဆိုပါက ပိုမိုရရှိလာမည့်သီးနှံများနှင့် ဝင်ငွေများက နိုင်ငံစီးပွားရေးကို
မြှင့်တင် ပေးနိုင်မည်ဖြစ်သကဲ့သို့ တောင်သူလယ်သမားတို့၏ လူမှုဘဝများ ကိုလည်း မြင့်မားစေမည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်မြှင့်တင်ရာတွင် သီးထပ်စွမ်းအားမြင့်မားရေးအတွက်
တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးရန်၊ တစ်ဧကအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်၊
စိုက်ဧကများ လျော့နည်းမသွားအောင်ဆောင်ရွက်ရန်၊ ဒေသ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့်
သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များနှင့်အညီ
တောင်သူလယ်သမားများက ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ဒေသအလိုက် တာဝန်ရှိသူများကလည်း
ဝိုင်းဝန်းကြပ်မတ်ကူညီဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးကုန်ထုတ် စွမ်းအားမြင့်မားစေပြီး
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အရှိန်အဟုန်ကို ဖြစ်ပေါ်စေမည်ဟု တောင်သူလယ်သမားနေ့ကို
ဂုဏ်ပြုရေးသားလိုက်ရပါကြောင်း။ ။

No comments:
Post a Comment