Friday, March 1, 2024

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးမူဝါဒများ ကြိုးပမ်းကျင့်သုံး

 


မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝအတွက် အသုံးပြုနေသောမော်တော်ယာဉ်များ သန်းနှင့်ချီ၍ရှိနေသည်။ အဆိုပါယာဉ်များ မောင်းနှင်အသုံးပြုနိုင်ရန်အတွက် လောင်စာဆီနှင့် အဆိုပါယာဉ်များမှ ပေါ်ထွက်လာသော အပူစွမ်းအားနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုပြဿနာများသည် ရေရှည်တွင် ကြီးမားသည့်စိန်ခေါ်မှုများအဖြစ် ပေါ်ထွက်နေပြီဖြစ်သည်။ ထို့ကြောင့် လောင်စာဆီအစားထိုးအသုံးပြုမှုကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက နိုင်ငံတော်တွင် အခြားနိုင်ငံများနည်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ EV ယာဉ်အသုံးပြုမှုမြင့်တက်လာပါက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အထောက်အကူပြုစေပြီး ရုပ်ကြွင်းလောင်စာအပေါ် မှီခိုရမှု၊ စက်သုံးဆီအတွက် နိုင်ငံခြားသုံးငွေကုန်ကျစရိတ်များနှင့် ပြည်သူများအဖို့ စက်သုံးဆီသုံးစွဲရမှု ကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဖြစ်သည်။

ထို့ပြင် မျက်မှောက်ကာလ၌ ရာသီဥတုပြောင်းလဲလာမှုကြောင့် အစွန်းထွက်ရာသီဥတုများ ဖြစ်ပေါ်လျက်ရှိရာ ယခုကာလ၌ အယ်လ်နီညိုကဲ့သို့ အလွန်ပူပြင်းသော ရာသီဥတုဖြစ်ပေါ်ချိန်၌ သုံးစွဲမှုမြင့်မားလာသည့် စက်သုံးဆီအပူစွမ်းအားများကြောင့် သက်ရှိလူသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်ကိုပါ ကြီးမားသောထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုအချိန်တွင် မူဝါဒများကို လိုက်လျောညီထွေ ပြောင်းလဲကျင့်သုံးသဖြင့် ကုန်ကျစရိတ်များ သက်သာလာစေသည့်အပြင် နိုင်ငံအတွင်းရှိ မြို့ကြီးများ၌ လေထုအရည်အသွေးအညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသောလေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ တစ်ပါတည်းရရှိစေမည်ဖြစ်သည်။

လောကတွင် အကောင်းနှင့်အဆိုးတို့သည် ဒွန်တွဲဖြစ်ပေါ်လေ့ရှိရာ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ EV ဘက်ထရီစွန့်ပစ်ပစ္စည်းများမှ အန္တရာယ်များရှိလာမည်ဖြစ်သည်။ ရေရှည်တွင် အကျိုးစီးပွားဖြစ်ထွန်းရေးကို မထိခိုက်စေရန် မျှော်မှန်း၍ ဘက်ထရီများကို စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းမှ ဖြစ်ပေါ်လာစေသော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ဖြေရှင်းရန်မူဝါဒများ၊ လုပ်ငန်းစဉ်များ ရေးဆွဲထားရန်လိုအပ်မည်ဖြစ်သည်။ ယခုအခါ EV မော်တော်ယာဉ်များကို ပြည်ပမှတင်သွင်းလျက်ရှိပြီး လိုအပ်သည့် ဘက်ထရီများကိုလည်း ပြည်ပမှ ဆက်လက်တင်သွင်းရဦးမည်ဖြစ်သည်။

ဘက်ထရီထုတ်လုပ်ရေးအတွက် သုံးစွဲရသည့် သယံဇာတအရင်းအမြစ်များသည် အကန့်အသတ်ရှိသဖြင့် အချိန်မတိုင်မီ စွန့်ပစ်ခြင်းမှ ကြိုတင်ကာကွယ်မှု၊ ပထမသက်တမ်းတွင် EV အတွက် အသုံးပြုပြီး ဘက်ထရီဆဲလ်များကို ဒုတိယသက်တမ်းတွင် ပြန်ပြည့်မြဲစွမ်းအင်စနစ်များနှင့် လျှပ်စစ်ဓာတ်အားစနစ်ရှိ စွမ်းအင်သိုလှောင်စနစ်များအတွက် ပြန်လည်အသုံးပြုခြင်း၊ ဘက်ထရီများရှိ အဖိုးတန်ဓာတ်သတ္တုပစ္စည်းများကို ပြန်လည်ထုတ်ယူအသုံးချခြင်း၊ ပြန်ရယူခြင်း၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများ လုံးဝကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်းတို့အတွက် လုပ်ငန်းစဉ်များအလိုက်စည်းမျဉ်း၊ စည်းကမ်းနှင့် လိုက်နာရမည့်အချက်များကို ရေးဆွဲထားရန် လိုအပ်မည်ဖြစ်သည်။

စနစ်တကျချမှတ်ထားသော မူဝါဒတစ်ခုသည် ဘက်ထရီစွန့််ပစ်ခြင်းနှင့် ဆက်စပ်နေသော သဘာဝပတ်ဝန်းကျင်သို့ ဆိုးကျိုးများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများကို လျှော့ချပေးရုံသာမက ဘက်ထရီပြန်လည်အသုံးပြုသည့် နည်းပညာများတွင် ဆန်းသစ်တီထွင်မှုများကို တွန်းအားပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေးလည်ပတ်မှုစီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အပြောင်းအလဲဖြစ်စေသည့် မူဝါဒတစ်ခုအောင်မြင်လာစေရေးအတွက် ဆောင်ရွက်ရာတွင် နောက်ဆက်တွဲအကျိုးစီးပွားဖြစ်ထွန်းရေး မြော်တွေးဆောင်ရွက်မှုများကို ကြိုဆိုရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် လျှပ်စစ်သုံးယာဉ်နှင့် ဘက်ထရီနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး စွမ်းအင်သိပ်သည်းဆ ပိုမိုမြင့်မားကာ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချလာနိုင်ပြီဖြစ်သည်။ အားသွင်းချိန်ပိုမိုမြန်ဆန်ပြီး ခရီးအကွာအဝေး ပိုမိုသွားလာနိုင်သော ဘက်ထရီအသစ်များလည်း ပေါ်ပေါက်လာပြီဖြစ်ရာ ၎င်းနည်းပညာအရွေ့တို့နှင့်အတူ နောက်ဆက်တွဲရလဒ်များတွင် အမီလိုက်ပါဆောင်ရွက်နိုင်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများကို ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment