Friday, March 1, 2024

မိမိအကျိုး၊ အများပြည်သူအကျိုးအတွက် တရားဝင်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်

 


ကောလာဟလအမျိုးမျိုး နေ့စဉ်မပြတ်ထွက်ပေါ်နေသည့် မိမိတို့နိုင်ငံတွင် နောက်ဆုံးထွက်ပေါ်လာသည့် ကောလာဟလမှာ ရွှေဈေးနှုန်းနှင့်ပတ်သက်၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ တရားဝင်ရွှေလုပ်ငန်းကို လုပ်ကိုင်နေသည့် ရွှေလောကသားများမဟုတ်ဘဲ ပြင်ပမှ ဝိသမလောဘသမားက ကောလာဟလလွှင့်ထုတ်၍ ဈေးကစားကာအမြတ်ရှာဖွေရန် ကြိုးပမ်းကြခြင်းသာဖြစ်ကြောင်းနှင့် ရွှေဈေး၊ ဒေါ်လာဈေး စသည်တို့ကို ကောလာဟလလွှင့်၍ ဈေးဆွဲတင်သည့်အလုပ်ကို နှစ်စဉ်လုပ်လေ့ရှိကြကြောင်း သိရသည်။ ရိုးသားစွာဖြင့် လုပ်ငန်းထူထောင်ဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်ဖြတ်လမ်းနည်းဖြင့် ငွေရှာမှုများက ပုံမှန်စီးပွားရေးကို ထိခိုက်စေမည်ဖြစ်သည်။

မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကိုနှိုင်းယှဉ်ပါက ကုန်သွယ်မှုလုပ်ငန်းကို လုပ်ကိုင်သူကပိုများသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း ထူထောင်လုပ်ကိုင်ခြင်းထက် ကုန်ဝယ်ကုန်ရောင်းလုပ်ကိုင်ခြင်းက အလုပ်လုပ်ကိုင်ရသက်သာပြီး အကျိုးအမြတ်မြန်ဆန်စွာရရှိသည်။ စွန့်စားရမှုနည်းပါးသည်ဟူ၍ ယူဆကြခြင်းကြောင့်လည်းဖြစ်သည်။ ဝိသမစီးပွားရေးသမားများမှာမူ တရားဝင်ကုန်သွယ်လုပ်ငန်းမျိုးပင်မဟုတ်ဘဲ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ခြင်း၊ ဆီသိုလှောင်ခြင်း၊ စက်သုံးဆီသိုလှောင်ခြင်း၊ ရွှေဝယ်ခြင်း၊ ဒေါ်လာဝယ်ခြင်း စသည်ဖြင့် ငါးပွက်ရာငါးစာချကြပြီး အခြေအနေတစ်ရပ် ရောက်သောအခါတွင် ကောလာဟလအမျိုးမျိုးလွှင့်၍ ဈေးကွက်ကိုလှုပ်ကြခြင်းဖြစ်သည်။ ဤသို့သောလုပ်ရပ်များက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံးဝအထောက်အကူမဖြစ်စေသည့်အပြင် တရားဝင်စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းများကိုပါ ထိခိုက်နစ်နာစေသည်ဖြစ်ရာ ထိရောက်စွာဖော်ထုတ်အရေးယူသွားရန် လိုအပ်သည်။

လက်ထဲတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် လုံလောက်သော ငွေကြေးပမာဏရှိနေသူများအဖို့ အထက်ပါကဲ့သို့ မှောင်ခိုဆန်ဆန် ဂုဏ်သိက္ခာကင်းမဲ့စွာ စီးပွားရှာဖွေမှုမပြုဘဲ မိမိအကျိုး၊ အများအကျိုးအတွက် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသည်ဖြင့် မိမိအားသန်ရာ၊ စိတ်ပါဝင်စားရာ ပုံမှန်စီးပွားရေးလုပ်ငန်းများကို ထူထောင်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသူများအတွက် လွယ်ကူလျင်မြန်၊ ယုံကြည်စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ ရှိနေပြီဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ၊ အခွင့်အရေးများ၊ အာမခံချက်များလည်းရှိနေသည်။ ရင်းနှီး မြှုပ်နှံလိုသူ၊ အကြံဉာဏ်ရယူလိုသူ၊ စုံစမ်းမေးမြန်းလိုသူများ လူကိုယ်တိုင်သွားရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်သည့် ဝန်ဆောင်မှုစနစ်လည်းရှိနေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုကော်မတီများကလည်း အမေရိကန်ဒေါ်လာ ငါးသန်းအောက်လုပ်ငန်းများကို ခွင့်ပြုပေးနိုင်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတိုင်းက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများအတွက် လွယ်ကူစွာဆောင်ရွက်နိုင်သည့် အခြေအနေမျိုး ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ တိုးမြှင့်လုပ်ကိုင်ရန် လိုအပ်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်ရန် စက်မှုလုပ်ငန်းများ အားနည်းနေခြင်းကြောင့် ကုန်ကြမ်းအတိုင်း ရောင်းချနေရသည်။ ထိုအခြေအနေကို ကျော်လွှားနိုင်ရန် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ခြင်း၊ နိုင်ငံ့စီးပွားရန်ပုံငွေများထုတ်ပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မိမိအကျိုး၊ အများပြည်သူအကျိုးနှင့် နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများ တည်ထောင်ဆောင်ရွက်အောင်မြင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment