Wednesday, February 28, 2024

PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်အပါအဝင် ၃ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၈

PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ဆင်ခြင်တုံတရားမဲ့စွာဖြင့် နည်းမျိုးစုံအသုံးပြုလျက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ၏တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ၎င်းအဖွဲ့သည် နည်းပညာ တက္ကသိုလ် (ထားဝယ်) အတွင်းသို့ ဝင်ရောက်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်အောင်အပါဝင် ၃ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျောင်း၏အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ ဆရာမများကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဆရာ၊ ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment