Wednesday, February 28, 2024

ပဲခူးမြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို




 နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၆) ဦး၊ အုပ်ချုပ်သူ (၃) ဦး၊ ဆေးအကူ (၂) ဦး၊ စုစုပေါင်း (၆၁) ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

 

 

 

 

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဘုရားဖူးအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ရသည်။

ကျွန်တော်ကတော့ ပဲခူးမြို့က လာတာပါ။ ပဲခူးတိုင်းဒေသကြီးရဲ့ အငြိမ်းစားဝန်ထမ်းများကိုယ်စားပြု ကျွန်တော်တို့ ဒီဘုရာကြီးကို လာရောက်ခြင်းဖြစ်ပါတယ်။ မာရဝိဇယဘုရားကို ပဲခူးတိုင်းရဲ့ အစီအမံနဲ့ မော်တော်ယာဉ်ကအစ လိုအပ်တဲ့ စားသောက်စရာပါ အားလုံးကို စီမံဆောင်ရွက်ပေးလို့ ကျွန်တော်တို့ အငြိမ်းစားများအဖွဲ့က ကျေးဇူးတင်ပါတယ်။ ဒီမာရဝိဇယ ကျောက်ဆင်းတုဘုရားကြီးကို သယ်တာကအစ တီဗွီမှာလည်း ကြည့်ရပါတယ်။ အခုဒီမှာကျတော့လည်း ထပ်ပြီးကြည့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့သက်တမ်းတစ်ခုလုံးမှာ ဒီလိုတစ်ခါမှ မတွေ့ဖူးပါဘူး။ အံ့မခန်းဖြစ်ရပြီး ပညာရှင်တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့် ဦးဆောင်မှုတွေက အင်မတန်မှ ကောင်းမွန်တယ်ဆိုတဲ့ အကြောင်းလေးပြောပြချင်ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ဖူးခွင့်ရတယ်ဆိုတာက ရင်ထဲမှာ ဝမ်းနည်းသလို၊ ပျော်သလို အင်မတန်ခံစားရပါတယ်။ ဒီလိုပီတိမျိုးဆိုတာ တစ်သက်မှာ တစ်ခါခံစားရတာပါ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကျွန်တော်တို့က ဒီလိုမျိုးတွေ ကြည့်ရှုခြင်းအားဖြင့် ဘုရားသာသနာအတွင်းမှာ ကျွန်တော်တို့က လူလားမြောက်အောင်၊ လူ့အခွင့်အရေးတွေ မဆုံးရှုံးအောင် ကြိုးစားအားထုတ်ရမယ့် အနေအထားမျိုးကို ကျွန်တော်တို့က ပိုပြီးတော့ သံဝေဂတွေရတာပေါ့။ ကျွန်တော်တို့လူသား ဆိုတာ အချိန်တန် အိုမယ်၊ နာမယ်၊ သေမယ် ဒီအရေးသုံးပါးကို ကျွန်တော်တို့က အချိန်တန်ရင် ဖြစ်ရတော့မယ်။ ဒီတော့ ဘုရားက ငါတို့အသက်ရှိတုန်း ဖူးခွင့်ရတယ်ဆိုတဲ့ အကျိုးကျေးဇူးကို တန်ဖိုးဖြတ်လို့မရပါဘူး။ အခုလို ပို့ဆောင်ပေးတဲ့အတွက် အင်မတန်ပဲ တာဝန်ရှိသူအားလုံးကို ဝမ်းသာ ပါတယ်ဆိုတဲ့အကြောင်း၊ ကျေးဇူးလည်း အထူးတင်ပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။

ဘုရားဖူးမြော်လိုက်ရတော့ ရင်အေးသွားတယ်။ နောက်ပြီးတော့ ခေါင်းလောင်းကြီးမှာ ကြေးစည်ထုတော့ ဗိုလ်ချုပ်မှူး ကြီး နာမည်သွားတွေ့တယ်။ ဒါကိုမြင်ပြီး အေးချမ်းသလိုသူလည်း စိတ်အေးချမ်းပါစေ။ မိသားစုလည်း၊ တိုင်းသူပြည်သားတွေလည်း စိတ်အေးချမ်းပါစေ။ အဲဒီလို ဆုတောင်းမိပါတယ်။ ရင်ထဲအေးပြီးတော့လေ ဒါမျိုးကလည်း ဘယ်မှာမှမရှိဘူးခဲ့လို့ ထင်မိပါတယ်။ ဒါကြောင့်မို့လို့ ဝမ်းသာပါတယ်။ သာသနာ အတွက်ရော၊ နိုင်ငံတော်အတွက်ရော၊ ပြည်သူအတွက်ရော၊ ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက်ရော၊ သမီးတို့အတွက်ပါ ဝမ်းသာပါတယ်လို့ ဆုတောင်းပါတယ်။ ကျန်းမာချမ်းသာပြီးတော့ တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး၊ သာသနာ့အကျိုး စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

အလွန်ပဲဝမ်းသာပါတယ်၊ အင်မတန်ပဲ ကြည်နူးရပါတယ်။ လာရောက်ပြီးတော့ ပို့ပေးတဲ့ သူတွေအားလုံးကိုလည်း ကျေဇူးတင်ပါတယ်။ ဒီမှာလက်တွေ့မြင်လိုက်ရတာ ကြည်နူးပြီး အများကြီး စိတ်ချမ်းသာပါတယ်။ အေးချမ်းလွန်အားကြီးလို့ တကယ်ကို ကြည်နူးမိပါတယ်။ ပြောမပြတတ်အောင်ပဲ ကြည်နူးရပါတယ်။ တကယ်ဆို ကိုယ့်ဟာကိုယ်ဆို ငွေကြေးကြောင့် လာနိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာရေးကြောင့် လာနိုင်မှာမဟုတ်ပါဘူး။ အခုလို ပို့ပေးတဲ့အတွက် အလွန်ပျော်ပါတယ်။ လာရောက်ဖူးမြော်ဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးပါဘူး။ နောင်ကိုလည်း ခဏခဏလာရောက် ဖူးမြော်ရပါစေလို့ ဆုတောင်းပါတယ်။ မဖူးရသေးတဲ့ ရပ်ဝေးရပ်နီးက အားလုံးသောသူများ လာရောက်ဖူးမြော်နိုင်ပါတယ်။ ကြည်နူးရပါတယ်။ အေးချမ်းပါတယ်။ စိတ်လည်းချမ်းသာရပါတယ်။ လာရောက်ဖူးမြော်ကြပါလို့ တစ်နိုင်ငံလုံးကို ဖိတ်ခေါ်ပါတယ်။

သတင်းစဉ်

 

No comments:

Post a Comment