Thursday, February 29, 2024

အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ဆရာတော် ဦးဆောင်သော အောင်ဇမ္ဗူသာသနာပြုအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 



နေပြည်တော် ဖေဖော်ဝါရီ ၂၈

အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ ဘဒ္ဒန္တပဏ္ဍဝံသ ဦးဆောင်သော အောင်ဇမ္ဗူသာသနာပြုအဖွဲ့သည် မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အားလာရောက်ဖူးမြော် ကြည်ညိုကြပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း မေတ္တာပို့သခြင်းများဆောင်ရွက်ကြသည်။

ရှင်းလင်းပြောကြား

ဦးစွာ ဆရာတော် ဦးဆောင်သော သံဃာတော် ၁၁ ပါးနှင့် အမျိုးသား အမျိုးသမီး၊ ယောဂီ ၁၀၀ ကျော်ပါဝင်သည့် အောင်ဇမ္ဗူ သာသနာပြုအဖွဲ့အား ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များကမာရ ဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့်အောင်မြင်စွာ တည်ထားပူဇော်နိုင် ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက် နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကိုပြသသည်။

ထို့နောက် အောင်ဇမ္ဗူသာသနာ ပြုအဖွဲ့မှ အလှူရှင်များက မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အတွက် အလှူငွေကျပ် သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အောင်ဇမ္ဗူဆရာတော်က ဆက်ကပ် လှူဒါန်းသည့် ပန်းပူဇော်ပွဲကို ဘုရားရင်ပြင်တော်၌ ကျင်းပရာဆရာတော် ဦးဆောင်သောသံဃာ ၁၁ ပါး၊ ပင့်သံဃာအပါး ၁၀၀၊ ပင့်သီလရှင်အပါး ၁၀၀၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ အမျိုးသား အမျိုးသမီး၊ ယောဂီ ၁၀၀ ကျော်နှင့် ဘုရားဖူး ပြည်သူတို့က ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး နမောတဿ၊ သရဏဂုံ (၃) ပါးနှင့် ဂုဏ်တော် (၉) ပါး ရွတ်ဖတ်၍ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည် ပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော် ဦးဆောင်သော သံဃာတော် ၁၁ ပါးနှင့် ပင့်သံဃာအပါး ၁၀၀ တို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာများနှင့်အညီ ဗုဒ္ဓါ ဘိသေက အနေကဇာတင်လှူ ပူဇော်ကြပြီး ခန္ဓသုတ်ရွတ်ဖတ် ပူဇော်ကြသည်။

ဆက်ကပ်လှူဒါန်း

ထို့နောက် ဆရာတော် ဦးဆောင်သော သံဃာ ၁၁ ပါး၊ ပင့်သံဃာအပါး ၁၀၀၊ ပင့်သီလရှင် အပါး ၁၀၀၊ အမျိုးသား အမျိုး သမီး ယောဂီ ၁၀၀ ကျော်နှင့် ဘုရားဖူးပြည်သူတို့က မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား တရုတ်နိုင်ငံမှ မှာယူထားသည့် Tiger လီလီပန်း၊ ပဲပန်း၊ ပန်းချယ် ရီပန်း၊ ကာနေရှင်းပန်း၊ နှင်းဆီပန်း၊ ဖယောင်းပန်း၊ ဘောလုံးပန်း၊ နှင်းချယ်ရီပန်းနှင့် ကြယ်ပန်း စသည့် ပန်းကိုးမျိုးတို့ဖြင့် လှပစွာ ပေါင်းစပ် ဖန်တီးထားသည့် အကျယ် ၆၈ ပေ၊ အနံ ရှစ်ပေ ရှိသည့် Flower Wall၊ သစ်သီး ကိုးမျိုးနှင့် ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းပူဇော်ကြ၍ တရား ဘာဝနာပွားများခြင်း၊ ဆုတောင်း မေတ္တာပို့သ၍ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် အောင်ဇမ္ဗူ သာသနာပြုအဖွဲ့မှ ဒါယကာ ဒါယိကာမတို့က ဆရာတော် ဦးဆောင်သော ပင့်သံဃာတော် အပါး ၁၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဝတ္ထုငွေများ လောင်းလှူကြသည်။

ထို့နောက် ဆရာတော် ဦးဆောင်သော အောင်ဇမ္ဗူ သာသနာပြုအဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ အနုပညာ လက်ရာကွဲပြားစွာ တည်ဆောက် ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ ကျောက်စာရုံ စေတီတော်အဆူ ၇၂၀၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးတို့ကို လေ့လာဖူးမြော်ကြသည်။

သတင်းစဉ်


No comments:

Post a Comment