Thursday, February 29, 2024

ဆီထွက်သီးနှံဆိုင်ရာ လက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၈

ဆီထွက်သီးနှံစိုက်ပျိုးသည်မှ ဝယ်ယူသိုလှောင်သည်အထိ တောင်သူ၊ ကုန်သည်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များ လက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပညာရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ၊ နေပြည်တော်ကောင်စီနယ်မြေမှ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs) အသင်းဝင်များ တက်ရောက်ကြသည်။

အဖွင့်အမှာစကားပြောကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဆီထွက်သီးနှံလက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲ ကျင်းပရသည့်အကြောင်းကို ရှင်းလင်းပြောကြားကာ အဆိုပါလက်စွဲစာအုပ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များထံ ပေးအပ်သည်။

ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)၊ ဒေါက်တာသိင်္ဂီမြင့်က မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဆီသုံးစွဲမှုများ လေ့လာခြင်းစာတမ်းနှင့် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဆီစားသုံးမှုအခြေအနေ သုတေသနတွေ့ရှိချက်တို့ကို ဖတ်ကြားရှင်းလင်းသည်။

ပြန်လည်ဖြေကြားဆွေးနွေး

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇာကျော်က ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေ အနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးအောင်ရွှေနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးရဲဟိန်း ကျော်တို့က စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေအား လေ့လာတင်ပြခြင်းနှင့် ခေတ်မီဆီကြိတ်ခွဲစက်များ၏ ဆောင်ရွက်နိုင်မှုအခြေအနေကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက စားသုံးဆီများနှင့် ဆီအရည်အသွေးကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိချောက “စားသုံးဆီနှင့် စားသုံးသူအခွင့်အရေး”ကို လည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဘာသာရပ်ပညာရှင်များက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment