Wednesday, February 28, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီး စံပြရင်သွေးအိမ်မူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ စံပြရင်သွေးအိမ် မူလတန်းကြိုကျောင်း၌ ဆရာဆရာမများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သင်ကြားလေ့ကျင့်ပေးရာ နေရာ၊ ကစားကွင်းနှင့် ချက်ပြုတ်ကျွေးမွေးရာနေရာများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလေးများ၏ ဖွံ့ဖြိုးမှုအခြေအနေ၊ မူကြိုအရွယ်နှင့်သင့်လျော်သည့် လိမ္မာရေးခြားရှိမှု၊ ကိုယ်ချင်းစာတရားရှိမှုစသည်တို့ကို ကလေးများ၏ နားလည်နိုင်မှုအခြေ အနေပေါ်မူတည်၍ ကဗျာ၊ ပုံပြင်၊ သီချင်းတို့ဖြင့် စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသားအရေအတွက် တိုးမြှင့်သင်ကြားပေးနိုင်ရေး၊ သင်ကြားပေးသော ဘာသာရပ်များသည် သမားရိုးကျသင်တန်းများ မဟုတ်ဘဲ ခေတ်နှင့်အညီ ဆန်းသစ်တီထွင်သည့် အိမ်တွင်းမှုဘာသာရပ်များ သင်ကြားပေးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံပြီး ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် သက်မွေးပညာကိုအခြေခံပြီး တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေး ဖြစ်ထွန်းတိုးတက်လာအောင် ကြိုးစားဆောင်ရွက် စေလိုကြောင်း၊ သင်တန်းဆင်းကျောင်းသူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက် နိုင်မှုရှိ၊ မရှိကို တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆန်းစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၉ရက်အထိ အဋ္ဌမအကြိမ်မြောက် ဖွင့်လှစ်လျက်ရှိသော ကျောင်းအခြေပြုသင်တန်းများတွင် သင်တန်းသားသင်တန်းသူ ၅၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment